ဒစ်ဂျစ်တယ် မြန်မာကျပ် အသုံးပြုနိုင်မဲ့ NUGPay ကို ယခုလကုန်ပိုင်းမှာ စသုံးနိုင်မယ်

ဒစ်ဂျစ်တယ် မြန်မာကျပ် အသုံးပြုနိုင်မဲ့ NUGPay ကို ယခုလကုန်ပိုင်းမှာ စသုံးနိုင်မယ်

ယခုလကုန်ပိုင်းမှာ NUGPay ကို စတင်အသုံးပြုနိုင်မယ်လို့ NUGရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံ့မှု ဝန်ကြီးဌာန ဒုဝန်ကြီးက မီဒီယာတွေကို ပြောပါတယ်။

NUGPay ကို Android စနစ်သုံးဖုန်းတွေမှာ စတင်သုံးခွင့်ရမယ်လို့ ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ပြောထားပါတယ်။

ဝန်ဆောင်မှုစတင်ချိန်မှာ ပြည်တွင်းမှာသာမက UK ၊ US နဲ့ ဥရောပနိုင်ငံတွေအပါအဝင်ပြည်ပနိုင်ငံတွေမှာပါ စတင်အသုံးပြုနိုင်မယ်လို့လည်း ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အသုံးပြုနိုင်မယ့် နိုင်ငံတွေက မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ UK၊ US နဲ့ ဥရောပနိုင်ငံတွေမှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပြီး ဆက်လက် တိုးချဲ့ဖို့လည်း အစီအစဉ်ရှိတယ်လို့ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ NUGPay ရဲ့ ဒစ်ဂျစ်တယ်ငွေကြေးအနေနဲ့ အသုံးပြုနိုင်မဲ့ DMMK ကို မနေ့က စတင်မိတ်ဆက်ခဲ့ပါတယ်။

DMMK ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒစ်ဂျစ်တယ် မြန်မာကျပ် (Digital Myanmar Kyat) ဖြစ်ပါတယ်။ DMMK ရဲ့ ၁ ကျပ်ဟာ မြန်မာငွေ ၁ ကျပ်နဲ့ တူညီတဲ့ တန်ဖိုးရှိပါတယ်။

စျေးကွက်ထဲမှာ ရှိတဲ့ တခြား Cryptocurrency တွေလို ဈေးနှုန်းအတက်အကျ (Volatile) ဖြစ်မှာ မဟုတ်ဘူးလို့ အာမခံ ပြောထားပါတယ်။

ပြည်တွင်း၊ ပြည်ပ အသုံးပြုနိုင်အောင် နိုင်ငံခြားငွေလဲနှုန်းကို NUGPay က ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။

NUGPay ထုတ်ပြန်ကြေညာပြီးနောက်မှာပဲ အာဏာသိမ်းစစ်ကောင်စီက ဗဟိုဘဏ်က ခွင့်မပြုဘဲ ငွေကြေးလုပ်ငန်းလုပ်ကိုင်ရင် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ် သန်း ၁၀၀ ပြစ်ဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

The Tanintharyi Times