တောင်ပျောက်တိုက်နယ်မှာ ဒေသခံတွေ ရာသီတုပ်ကွေး အဖြစ်များနေ

တောင်ပျောက်တိုက်နယ်မှာ ဒေသခံတွေ ရာသီတုပ်ကွေး အဖြစ်များနေ

ပုံစာ-တောင်ပျောက်တိုက်နယ်ထဲက ဒေသခံတွေကို တွေ့ရစဥ်။(ပုံဟောင်း)

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်မှာ ငှက်ဖျား‌ရောဂါဖြစ်သူအရေအတွက် လျော့နည်းသွားပြီး ရာသီတုပ်ကွေးဖြစ်တဲ့ ပြည်သူအရေအတွက်ပိုများလာတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးဆီကနေ သိရပါတယ်။

တိုက်နယ်ထဲမှာ ပြီးခဲ့တဲ့ဇွန်လက ငှက်ဖျားဖြစ်တဲ့ လူဦးရေ ၁၂၀ဦးရှိခဲ့ပြီး ဇူလိုင်လမှာတော့ ၄၀ ဝန်းကျင်လောက်သာဖြစ်တော့တယ်လို့ သိရပါတယ်။ ဒီစာရင်းက နယ်စည်းမခြားက ချပေးထားတဲ့ ငှက်ဖျားရောဂါတစ်ခုတည်းသီးခြားကုသပေးတဲ့ စေတနာ့ဝန်ထမ်းတွေဆီမှာ ကုသမှုခံယူထားတဲ့ လူဦးရေစာရင်းဖြစ်ပါတယ်။

ရာသီတုပ်ကွေးကတော့ ၅ နှစ်အထက်ကလေးငယ်တွေနဲ့ လူကြီးတွေအဖြစ်များနေပြီး အရင်လ ဇူလိုင်အကုန်လောက်ကစကာ သိသိသာသာအဖြစ်များလာတယ်လို့ သိရပါတယ်။

“ဖြစ်ရင်တစ်အိမ်လုံးဖြစ်ကြတယ်ဗျ။ လောလောဆယ်ဖြစ်ထားတာဆိုတော့ ကျနော်တို့ဒေတာစုဖို့ခက်နေသေးလို့ပါ။ သေချာတာတော့ ရွာတိုင်းလိုလိုရာသီတုပ်ကွေးဖြစ်တာ သိသိသာသာများလာပါတယ်။” လို့ ကျေးရွာအုပ်ချုပ်‌ရေးတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကိုဗစ်ကူးစက်မှုလျော့နည်းသွားတဲ့ ၂၀၂၁ ခုနှစ် ၂၀၂၂ ခုနှစ်တွေနဲ့နှိုင်းယှဥ်ရင် အခုနှစ်မှာ နေမကောင်းဖြစ်တဲ့လူဦးရေပိုများလာပြီး ဒါဟာ မိုးများပြီးရာသီဥတုမမှန်တာကြောင့်အများကြီးဖြစ်နိုင်တယ်လို့ အဆိုပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

တိုက်နယ်ထဲကဒေသခံတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်လောက်ကတည်းက နယ်စည်းမခြားကချပေးထားတဲ့ ငှက်ဖျားရောဂါတစ်ခုတည်းသီးခြားကုသပေးတဲ့ စေတနာ့ဝန်ထမ်းတွေဆီမှာအခမဲ့ကုသမှုခံယူတာ၊ အရံသားဖွားအကူသင်တန်းတက်ထားတဲ့ကျန်းမာရေးဝန်ထမ်းဆီမှာ အခကြေးငွေပေးပြီးကုသမှုခံယူတာ၊ စစ်အာဏာသိမ်းကာလအတွင်းမှာဖွဲ့စည်းဖွင့်လှစ်ထားတဲ့ အဖြူရောင်မေတ္တာဆေးဝါးအထောက်အကူပြုရေးအဖွဲ့၊ NUG ဆေးခန်းတွေမှာ ကိုယ်ယုံကြည်ရာအလိုက် ဆေးဝါးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။

ကျေးရွာ ၉ ရွာရှိတဲ့ တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်က ဖြတ်လေးဖြတ်လုပ်ပြီး အစားအစာနဲ့ဆေးဝါးတွေသယ်ယူတာကို တင်းကြပ်ထားတာကြောင့် ရိက္ခာနဲ့ဆေးဝါးတွေကို လိုအပ်သလို သယ်ယူလို့မရဖြစ်နေပြီး ဒေသနေပြည်သူတွေက ခက်ခဲနေကြရပါတယ်။

The Tanintharyi Times