ပုလောမှာ ဖမ်းဆီးခံထားရသူတွေကို ရေလမ်းကနေ မြိတ်ထောင်ပို့

ပုလောမှာ ဖမ်းဆီးခံထားရသူတွေကို ရေလမ်းကနေ မြိတ်ထောင်ပို့

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ပုလောမြို့နယ်မှာ ဖမ်းဆီးခံထားရသူတွေကို ရေလမ်းကတဆင့် မြိတ်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

မနေ့ကမနက် ၁၁ နာရီလောက်မှာ ပုလောရဲစခန်းမှာအကျဉ်းချခံထားရသူ အမျိုးသမီးနဲ့အမျိုးသား ၁၁ ဦးကို စက်လှေနဲ့ပို့ဆောင်လိုက်တာလို့သိရပါတယ်။

“ပုလောဆိပ်ကမ်းကပဲ ရိုးရိုးစက်လှေတစ်စီးနဲ့ တင်ပြီးပို့လိုက်တာပါ။ သူတို့ အကျဉ်းသားတွေကိုပို့တဲ့အချိန် ကားလမ်းကိုမသုံးတာကြာပြီ” လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

အခုပို့ဆောင်တာဟာ နိုင်ငံရေးပုဒ်မတွေ၊ အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရသူတွေဖြစ်ဖြစ်ပြီး ထောင်ဒဏ်အမိန့်ချခံထားရသူတွေဖြစ်တယ်လို့ ဒေသခံကဆိုပါတယ်။

အခုနှစ် ဖေဖော်ဝါရီလကလည်း ပုလောရဲစခန်းမှာဖမ်းဆီးထားတဲ့သူတချို့ကို မြိတ်အကျဉ်းထောင်ကို ရေလမ်းကနေပို့ဆောင်ခဲ့သေးလို့ သိရပါတယ်။

ပုလောရဲစခန်းမှာဖမ်းဆီးထားသူတွေကို မနှစ်က နှစ်လယ်လောက်အထိ ကုန်းလမ်းကသာပို့ဆောင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းရေလမ်းကိုသာအသုံးပြုပြီးပို့ဆောင်လာတာပါ။

ဒေသခံတွေကတော့ ကုန်းလမ်းကပို့ဆောင်တဲ့အခါကြားဖြတ်တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့်အခုလိုပို့ဆောင်တာလို့ဆိုပါတယ်။

လက်ရှိမှာလည်း ပုလောရဲစခန်းရဲ့အချုပ်ခန်းအတွင်းမှာ ဖမ်းဆီးအကျဉ်းချခံထားရသူ ဆယ်ကျော်ဝန်းကျင်ရှိနေနိုင်သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုလောမြို့နယ်ဟာ စစ်ကောင်စီတပ်ဘက်က မြို့နယ်အတွင်းစစ်ဆေးဖမ်းဆီးတာတွေမကြာခဏပြုလုပ်နေသလို့ တော်လှန်ရေးတပ်တွေမကြာခဏတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသလည်းဖြစ်ပါတယ်။

The Tanintharyi Times