သယံဇာတကျိန်စာပြယ်ဖို့ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်စို့

သယံဇာတကျိန်စာပြယ်ဖို့ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်စို့

သဘာဝသယံဇာတနဲ့ ပတ်သက်ပြီး ရေပန်းစားနေတဲ့ စကားတစ်ခွန်းရှိပါတယ်။ “သယံဇာတ ကျိန်စာ” တဲ့။ သယံဇာတ ပေါများကြွယ်ဝတဲ့ နိုင်ငံဟာ တိုးတက်ချမ်းသာလာရမယ့်အစား သယံဇာတကို အကြောင်းပြုပြီး ပြည်သူတွေက ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေရတာကို တင်စားခေါ်ဝေါ်ထားတဲ့ စကားလုံးတစ်လုံးပဲ ဖြစ်ပါတယ်။

သဘာဝသယံဇာတထွက်တဲ့နိုင်ငံဟာ အဲဒါတွေကို ရောင်းဝယ်ဖောက်ကားပြီး ကြီးပွားနိုင်တဲ့ အခွင့်အလမ်းပိုများလာရမှာ မဟုတ်လား။ သယံဇာတကို အမှီပြုပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည် ဖြစ်လာရမှာ မဟုတ်လား။ ဘာလို့များ သယံဇာတကို မကောင်းတဲ့အရာတွေ ဖြစ်ပေါ်စေတဲ့ “ကျိန်စာ” ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးရတာပါလဲ။

ငယ်ငယ်တုန်းက စာသင်ခန်းထဲမှာ “မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်” လို့ အသင်ခံခဲ့ရတယ်။ အဲဒီတုန်းကတော့ “ငါတို့နိုင်ငံဟာ အခုဖွံ့ဖြိုးဆဲဆိုတော့ ဘယ်တော့လောက်များ ဖွံ့ဖြိုးပြီး အခြေအနေ ဖြစ်လာမလဲ၊ တချိန်ချိန်မှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်လာမယ် ထင်တယ်” လို့ ကလေးအတွေးနဲ့ လျှောက်တွေးတတ်တယ်။ ဖွံ့ဖြိုးဆဲဆိုတာ ဖွံ့ဖြိုးပြီးဖြစ်ဖို့အတွက် ကြိုးစားအားယူနေတာလို့ အထင်ရောက်နေတာကိုး။

စာသင်ခန်းထဲမှာ နောက်တစ်ခု တတွတ်တွတ်ရွတ်ရတာက “မြန်မာနိုင်ငံသည် သယံဇာတ အလွန်ပေါများကြွယ်ဝသော နိုင်ငံဖြစ်သည်” တဲ့။ ဒီလောက်တောင် သယံဇာတပေါများနေမှတော့ တချိန်ချိန်မှာ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝလာဖို့ မျှော်လင့်ချက် ရှိနေသေးတယ်လို့ ထင်နေခဲ့တယ်။ သယံဇာတရောင်းရတဲ့ ဝင်ငွေကနေ တိုင်းပြည်ကြီး တိုးတက်အောင်လုပ်နိုင်မယ်လို့ အသက်အတော်ကြီးတဲ့အထိ မျှော်လင့်နေမိတယ်။

ဒါပေမယ့် ဆယ်စုနှစ်တွေတစ်ခုပြီးတစ်ခုသာ ပြောင်းလဲသွားတယ်။ ဆင်းရဲမွဲတေတဲ့စာရင်းကောက်ကြည့်ရင် နိုင်ငံပေါင်းရာကျော်တဲ့အထဲမှာ မြန်မာပြည်ကြီးဟာ အောက်ဘက်နားကနေ ဘယ်တော့မှ မတက်နိုင်ခဲ့ဘူး။

တစ်နိုင်ငံလုံး အတိုင်းအတာကို မဆိုထားနဲ့။ တနင်္သာရီတိုင်းတစ်ခုတည်းကိုပဲ ကြည့်ပါ။ ရေနံနဲ့ သဘာဝဓါတ်ငွေ့၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရွှေ၊ ကျောက်မီးသွေး၊ ငါး၊ ပုစွန်၊ ပုလဲ စတဲ့ သဘာဝသယံဇာတမျိုးစုံကို တူးဖော်ထုတ်လုပ် ရောင်းဝယ်ဖောက်ကားနေကြတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဝဘ်ဆိုက် (Website) မှာ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ တင်္သာရီတိုင်းမှာ သတ္တုလုပ်ကွက် အကြီးစား၊ အလတ်စား၊ အသေးစား စုစုပေါင်း (၈၀) ကျော် ချပေးခဲ့တယ်။ စစ်အာဏာသိမ်းပြီးကာလတွေဖြစ်တဲ့ ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ မတ်လအထိ တန်ချိန် (၃၄၀) ကျော် ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ခဲမဖြူ အဖြိုက်နက် သတ္တု ထုတ်လုပ်မှု အများဆုံး တိုင်းဒေသကြီးတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

ဒီလောက်အထိ သယံဇာတပေါများကြွယ်ဝနေတဲ့ တနင်္သာရီတိုင်းကြီးမှာ ပြည်သူတွေရဲ့ဘဝအခြေအနေ ဘယ်လိုများ ရှိနေမလဲ။သယံဇာတကရတဲ့ ဝင်ငွေတွေဟာ သယံဇာတတွေရဲ့ မူလပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူတွေဆီ စီးဝင်လာပါရဲ့လား။

ဒေသခံပြည်သူတွေဟာ သယံဇာတကပေးတဲ့ အကျိုးကျေးဇူးကို မခံစားရတဲ့အပြင် သတ္တုတူးဖော်မှုလုပ်ငန်းတွေကြောင့် မြစ်ချောင်းတွေ တိမ်ကောပျက်စီးသွားတာ၊ ဥယျာဉ်ခြံမြေတွေ ပျက်စီးဆုံးရှုံးသွားတာ၊ မြေယာအငြင်းပွားမှု ပြဿနာတွေနဲ့ ကြုံတွေ့ကြရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ စတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုတွေ၊ လူမှုဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်။

သယံဇာတက ရရှိတဲ့ အကျိုးအမြတ်တွေဟာ ဓါးမိုးထားတဲ့သူတွေနဲ့ ခရိုနီတစ်စုဆီကိုပဲ တသွင်သွင် စီးဆင်းသွားခဲ့ပြီး ဒေသခံပြည်သူတွေဆီကိုတော့ ဒုက္ခနဲ့သောကတွေပဲ တသွင်သွင် စီးဆင်းလာခဲ့တယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးကာလမှာတော့ အခြေအနေတွေဟာ ပိုမိုဆိုးဝါးလာတာကို တွေ့ရပါတယ်။

သတ္တုတွင်းတွေကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မဖြစ်စေဖို့ စောင့်ကြည့်တိုင်းတာခြင်း မရှိတာ၊ လုံခြုံမှုမရှိတာ၊ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိတာ စတဲ့ အခြေအနေတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဟာ ပိုမိုဖြစ်ပေါ်လာတယ်လို့ “Tanintharyi Natural Resource Watch” က ထုတ်ဝေတဲ့ “ပဋိပက္ခနောက်ကွယ်က တနင်္သာရီသတ္တုကဏ္ဍ” အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ မြိတ်ခရိုင် တနင်္သာရီမြို့နယ် သဘော့လိပ်ကျေးရွာရှိ သတ္တုလုပ်ကွက်တစ်ခုမှာ မိုးရွာသွန်းမှုကြောင့် မြေစာပုံ ပြိုကျပြီး အလုပ်သမား (၅) ဦး သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် “ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုအဖွဲ့” ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ မတ်လအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် တနင်္သာရီတိုင်းမှာ အိုးအိမ်နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူဦးရေ လေးသောင်းအထိ ရှိလာခဲ့တယ်။ နေအိမ်တွေ ရာနဲ့ချီမီးရှို့ဖျက်ဆီးခံရတာ၊ အကြောင်းမဲ့ အသတ်ခံရတာ၊ ဖမ်းဆီးနှိပ်စက်ခံရတာတွေလည်း တစ်နေ့တစ်ခြား ပိုဆိုးလာခဲ့ပါတယ်။

ဒီလိုထင်တိုင်းကြဲ ရမ်းကားသတ်ဖြတ်နိုင်ဖို့အတွက် လူသတ်လက်နက်တွေကို သယံဇာတကရတဲ့ ဝင်ငွေနဲ့ပဲ ဖောဖောသီသီ ဝယ်ယူနေကြတာပါ။ ပြည်သူတွေခမျာ ကိုယ့်ဒေသကထွက်တဲ့ သယံဇာတကရတဲ့ ဝင်ငွေကြောင့် အိုးမဲ့အိမ်မဲ့ဘဝဖြစ်ရတာအပြင် စစ်တပ်ရဲ့ မထင်ရင်မထင်သလို ဖမ်းဆီးသတ်ဖြတ်တာကို ခံနေကြရတယ်။

ပြန်ကြည့်လိုက်ရင် တနင်္သာရီတိုင်းတစ်ခုတည်း မဟုတ်ပါဘူး။ သယံဇာတထွက်တဲ့ မြန်မာပြည်ရဲ့ ဘယ်နေရာမှာမဆို အကြမ်းဖက်စစ်တပ်နဲ့ အပေါင်းပါခရိုနီတစ်စုရဲ့ ဂုတ်သွေးစုပ် လက်ဝါးကြီးအုပ်တာကို ခံနေကြရတာမို့ ဒေသခံပြည်သူတွေအတွက်ကတော့ ကိုယ့်ဒေသမှာ သယံဇာတထွက်လေ ဒုက္ခပိုရောက်လေဆိုတဲ့ အနေအထားမျိုး ရောက်နေကြရတာ အချိန်ကာလ ကြာခဲ့ပါပြီ။

“Paul Collier” ရဲ့ “The Bottom Billion” စာအုပ်ကို ပြန်ရေးထားတဲ့ ဆရာမ “ဂျူး” ရဲ့ “အောက်ခြေသန်းတစ်ထောင်” စာအုပ်ထဲမှာ သယံဇာတကြောင့် ပြည်သူတွေ ဆင်းရဲတွင်းနက်သထက် နက်လာစေတဲ့ အကြောင်းတွေကို “သယံဇာတ ထောင်ချောက်” လို့ ဆိုတယ်။ တနည်းဆိုရရင် “သယံဇာတ ကျိန်စာ” ပေါ့။

နိုင်ငံတစ်နိုင်ငံမှာ စီမံခန့်ခွဲမှု နည်းစနစ်ကလည်း ညံ့ဖျင်းမယ်၊ အကျင့်ပျက်ခြစားမှုလည်း တွင်တွင်ကျယ်ကျယ် ဖြစ်နေမယ်၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေလည်း ပေါများနေမယ်၊ တရားဥပဒေ စိုးမိုးမှုလည်း လျော့ရဲနေမယ် စတဲ့ ပြဿနာတွေ ဝန်းရံနေမယ်ဆိုရင် အဲဒီနိုင်ငံက ထွက်တဲ့ သယံဇာတတွေဟာ ပြည်သူတွေ ဆင်းရဲတွင်းထဲ နက်သထက်နက်အောင် ဆွဲချနေတဲ့ ထောင်ချောက်ဖြစ်နေတယ်တဲ့။

ဒါဆို သယံဇာတမထွက်အောင် ဆုတောင်းရမှာလား။ ဒီလိုလည်း မဟုတ်သေးပါဘူး။ သယံဇာတထွက်တဲ့ နိုင်ငံတိုင်း ပြည်သူတွေ အန္တရာယ်ကျရောက်နေတာတော့ မဟုတ်ပါဘူး။ သဘာဝဓါတ်ငွေ့ထွက်တဲ့ ဒတ်ချ်နိုင်ငံမှာ ဆင်းရဲဒုက္ခမျိုးစုံနဲ့ သယံဇာတထောင်ချောက်ထဲ သက်ဆင်းခဲ့ရပေမယ့် ရေနံထွက်တဲ့ နော်ဝေနိုင်ငံကတော့ သယံဇာတကရတဲ့ ဝင်ငွေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ပြည်သူတွေရဲ့ဘဝ သာယာဝပြောအောင် လုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရမှာပါ။

ဘာ့ကြောင့် အဲဒီလို ဖြစ်ရတာလဲ။ အနှစ်ချုပ်ဆိုရရင် နော်ဝေနိုင်ငံဟာ သယံဇာတကို မသုံးစွဲမီကတည်းက နိုင်ငံရေးဆိုင်ရာ ကိုယ်တိုင်ချုပ်တည်းမှုနဲ့ ကောင်းမွန်စနစ်ကျတဲ့ အစိုးရတစ်ရပ်ရှိနှင့်နေပြီးသား ဖြစ်တယ်။ ကောင်းမွန်မှန်ကန်တဲ့ စီမံခန့်ခွဲမှုစနစ်အောက်မှာ သဘာဝသယံဇာတဝင်ငွေနဲ့ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။

ကျွန်မတို့ ရွှေပြည်ကြီးမှာတော့ တိုင်းရင်းသားလူမျိုးစုပေါင်းစုံတို့ရဲ့ ဒေသအသီးသီးက ထွက်သမျှသယံဇာတတွေကို အာဏာရှင်အဆက်ဆက်က သူတို့စည်းစိမ်အာဏာတည်မြဲရေးအတွက် ရသမျှဝင်ငွေတွေကို သူတို့အိတ်ထဲပဲသွပ်သွင်းခဲ့ကြတယ်။

တိုင်းရင်းသားတွေ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူညီမျှမှုဆိုတဲ့ အထဲမှာ သယံဇာတခွဲဝေသုံးစွဲရေးအတွက် တန်းတူညီမျှမှု ရှိဖို့ဆိုတာလည်း အရေးကြီးဆုံး ကဏ္ဍထဲမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ၂၀၂၁ ခုနှစ်မှာ ဒီမိုကရေစီ ဘက်တော်သားတွေ စုပေါင်းထုတ်ပြန်ထားတဲ့ ကြေညာစာတမ်း “ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁)” မှာ သဘာဝသယံဇာတနဲ့ ပတ်သက်ပြီး ဒီလိုပြဌာန်းထားတာ တွေ့ရပါတယ်။

“မြေနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေများကို သက်ဆိုင်ရာ ပြည်နယ်များက လွတ်လပ်စွာ ရေးဆွဲပြဌာန်းခွင့် ရှိသည်။ ပြည်နယ်အတွင်းရှိ မြေနှင့် သဘာဝသယံဇာတ အရင်းအမြစ်အားလုံး၏ မူရင်းပိုင်ရှင်သည် ပြည်နယ်အတွင်းနေထိုင်သော ပြည်နယ်သားများ ဖြစ်သည်။ ဖက်ဒရယ်ပြည်ထောင်စုတွင် သယံဇာတမှ ရရှိသော ဘဏ္ဍာငွေများကို သက်ဆိုင်ရာ ပြည်နယ်က စီမံခန့်ခွဲပိုင်ခွင့်နှင့် အကျိုးခံစားခွင့် ရှိသည်။ သဘာဝသယံဇာတ အရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် သက်ဆိုင်ရာဒေသခံများ၏ သဘောဆန္ဒကို ရယူရမည့်အပြင် ထိုဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တိုက်ရိုက်အကျိုးပြုရမည်။” လို့ ဖော်ပြထားပါတယ်။

တိုင်းပြည်တည်ဆောက်ရေးကာလမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မယ့် ပြည်သူ့အစိုးရက ယခု ပဋိညာဉ်ပါ ကတိကဝတ်တွေကို လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်ပေးမယ်လို့တော့ ယုံကြည်မျှော်လင့်မိပါတယ်။ အရင်ကာလတွေတုန်းကလို စာဟာစာအတိုင်း ကျန်ရစ်နေတာမျိုးတော့ မဖြစ်စေချင်ပါဘူး။

လက်ရှိမှာတော့ ဖက်ဆစ်ဘီလူးတွေကြောင့် သယံဇာတကျိန်စာဒဏ်ကို ပြည်သူတွေခမျာ နင့်နင့်သီးသီး ခံစားနေရဆဲပါပဲ။ အာဏာရူးစစ်တပ်နဲ့ အပေါင်းပါခရိုနီတစ်စုရဲ့ ဂုတ်သွေးစုပ်မှုကြောင့် ပြည်သူတွေခမျာ သယံဇာတထောင်ချောက် တွင်းနက်ကြီးထဲကို ကမ်းမမြင်လမ်းမမြင် ကျရောက်နေရဆဲပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် သယံဇာတကျိန်စာဆိုတာ အကြမ်းဖက်စစ်တပ်က တမင်တကာ ဖန်တီးထားတဲ့ ကျိန်စာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီ သယံဇာတကျိန်စာကနေ လွတ်မြောက်ချင်ရင်၊ သယံဇာတ ထောင်ချောက်ကနေ ရုန်းထွက်ချင်ရင် လုပ်ရမယ့် အလုပ်က တစ်ခုတည်းပဲ ရှိပါတယ်။ အာဏာရူးဖက်ဆစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းကြဖို့ပါပဲ။

ငြိမ်းပန်

ကိုးကား-
• ပဋိပက္ခနောက်ကွယ်က တနင်္သာရီသတ္တုကဏ္ဍ အစီရင်ခံစာ
• အောက်ခြေသန်းတစ်ထောင် (ဂျူး)
• တနင်္သာရီတိုင်းမ် မီဒီယာ စာမျက်နှာ
• ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁)၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်း ၂၀၂၁ ခုနှစ်

The Tanintharyi Times