စစ်ကောင်စီတပ်ကဖမ်းထားတဲ့ လောင်းလုံးမြို့ခံ ၅ ဦး ဒီနေ့မနက်က ပြန်လွတ်လာ

စစ်ကောင်စီတပ်ကဖမ်းထားတဲ့ လောင်းလုံးမြို့ခံ ၅ ဦး ဒီနေ့မနက်က ပြန်လွတ်လာ

ပုံစာ -လောင်းလုံးမြို့ပေါ်က ဖမ်းဆီးမှု (ပုံဟောင်းဖြစ်ပါတယ်)

စစ်ကောင်စီတပ်သားနဲ့ရဲတွေ မနေ့ညက ဖမ်းဆီးသွားတဲ့ ​​လောင်းလုံးမြို့ပေါ်က ဒေသခံ ၅ ဦး ဒီကနေ့မနက်မှာပြန်လည်လွတ်မြောက်လာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ည ၈ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကား၂စီးနဲ့လာရောက်ပြီး လောင်းလုံးမြို့ပေါ်က (က) ရပ်ကွက်နဲ့ (ဃ)ရပ်ကွက်တွေက နေအိမ်တွေကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီလို ဝင်ရောက်စစ်ဆေးချိန် (က)ရပ်ကွက်နေအိမ်က လောင်းလုံးဒေသခံ ၅ ဦးကို ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းဆီးသွာတာ ဖြစ်ပါတယ်။

“အိမ်တွေကိုအရင် ဝင်ဝိုင်းပြီးမှဖမ်းခေါ်သွားတာ။ ဖမ်းခံရတဲ့သူတွေက တခြားရွာက လောင်းလုံးဒေသခံတွေပါပဲ” လို့မြို့ခံတစ်ဦးကပြောပါတယ်။

ဒီကနေ့မနက် ၉နာရီလောက်မှာတော့ ၅ ဦးစလုံးပြန်လည်လွတ်မြောက်လာတယ်လို့သိရပါတယ်။

လောင်းလုံးရဲစခန်းဟာ အခုတစ်လအတွင်း လောင်းလုံးမြို့ပေါ်မှာ လမ်းသွားလမ်းလာတွေကို နေ့တိုင်းစစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရွာသား ၅ဦးသတ်ဖြတ်ခံရတဲ့ လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာဘက်ကိုလည်း စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေသွားရောက်ပြီး မနေ့ညက ၁၀ နာရီဝန်းကျင်လောက်မှာလက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

The Tanintharyi Times