စစ်ကောင်စီရဲ့ကန့်သတ်မှုတွေကြောင့် မြိတ်ယာဉ်လိုင်းတွေ အချိန်ကြန့်ကြာနေ

စစ်ကောင်စီရဲ့ကန့်သတ်မှုတွေကြောင့် မြိတ်ယာဉ်လိုင်းတွေ အချိန်ကြန့်ကြာနေ

ပုံစာ - မြိတ်မြို့အဝင်၊ ကျောက်ဖြူတောင်လမ်းဆုံ စစ်ကောင်စီစစ်ဆေးရေးဂိတ်အသစ်မှာ စောင့်ဆိုင်းနေရတဲ့ယာဥ်တန်း။(Photo - CJ)

အဝေးပြေးယာဉ်တွေအနေနဲ့ ပိုင်ရှင်မပါတဲ့ ကုန်ပစ္စည်းတင်ဆောင်ရင် လိုက်နာရမယ့် အချက်တွေကို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက အသေးစိတ်စစ်ဆေးတာတွေ လုပ်နေတာကြောင့် မြိတ်ကထွက်တဲ့ ယာဉ်လိုင်းတွေ အချိန်ကြန့်ကြာနေရတယ်လို့ ကားသမားတွေနဲ့ ခရီးသည်တွေက ပြောပါတယ်။

အပ်နှံလိုက်တဲ့ ပစ္စည်းထုပ်တွေမှာ ပစ္စည်းပို့သူနဲ့ လက်ခံသူရဲ့ နာမည်တွေ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာအပြည့်အစုံ ရေးပေးထားဖို့ ကုန်းဖောက်ရပ်ကွက်မှာရှိတဲ့ အဝေးပြေးကားကွင်းသစ်က ဂိတ်မှူးကနေ ကားသမားတွေကို အခုလ ၁၆ ရက်နေ့က နှုတ်အမိန့်နဲ့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုအသိပေးပြီး နောက်တစ်ရက်မှာပဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ပစ္စည်းထုပ်တစ်ထုပ်ချင်းစီကို အချက်အလက်တစ်ခုချင်းစီနဲ့အတူ အသေးစိတ် စတင်စစ်ဆေးခဲ့တာကြောင့် အချိန်ပိုကြာလာတယ်လို့ ကားသမားတွေက ပြောပါတယ်။

“မြိတ်ကနေ တနင်္သာရီကို ပုံမှန်ဆို ၂ နာရီပဲ သွားရတယ်။ အခုက ဂိတ်တွေများလာ၊ စစ်ဆေးတာတွေကပုံစံလည်းပြောင်းလာတော့ လေးနာရီတောင်ကျော်တယ်။” လို့ မြိတ်မြို့ခံ ကားသမားတစ်ဦးက ပြောပါတယ်။

ဂိတ်မှာစစ်ဆေးနေချိန် ကားတွေ တန်းစီးပြီးစောင့်နေရတဲ့ ကြာချိန်ကို အတိအကျ ခန့်မှန်းမပြောနိုင်ပေမယ့် စစ်ဆေးရေးဂိတ်တစ်ခုမှာ အနည်းဆုံး ၁၅ မိနစ်လောက်ကတော့ မဖြစ်မနေစောင့်ရတယ်လို့ အဲဒီ ကားသမားက ဆိုပါတယ်။

မြိတ်မြို့ကနေ တနင်္သာရီမြို့ကိုသွားရင် အမှတ်(၄)နယ်မြေရဲစခန်းအရှေ့၊ ကျောက်ဖြူတောင်ရွာ၊ ကျေးနန်းတိုင်၊ ပသောင်းတံတား၊ တုံးဗျောရွာ၊ ဇဝဲရွာ၊ မော်တုန်းရွာ၊ အောက်ကင်းရွာ၊ တနင်္သာရီတံတားတွေမှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေ အသီးသီးရှိနေတာဖြစ်ပြီး အဲ့ဒီ စုစုပေါင်း ဂိတ် ၉ ခုလုံးမှာ ကားတွေက စစ်ဆေးခံရတာပါ။

အဲဒီထဲက “မြိတ်မြို့မှကြိုဆိုပါ၏”ဆိုင်းဘုတ်စိုက်ထူထားတဲ့ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ရွာနဲ့ အမှတ်(၄)နယ်မြေရဲစခန်းအရှေ့က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေဟာ အသစ်ဖွင့်လိုက်တဲ့ ဂိတ်တွေဖြစ်ပြီး ပိုင်ရှင်မပါတဲ့ပစ္စည်းထုပ်တွေကို အချက်အလက်တွေနဲ့ အသေးစိတ်စတင် စစ်ဆေးမယ့်နေ့မှာပဲ တပြိုင်နက် ဖွင့်လိုက်တာဖြစ်ပါတယ်။

“မြိတ်ဘက်သွားတဲ့နေ့ဆို အိမ်ကဖုန်းဆက်တာမဖြေနိုင်ဘူး။ မရောက်သေးဘူးလား၊ မရောက်သေးဘူးလားနဲ့။ ကားက လမ်းမှာကုန်တင်ကုန်ချနဲ့ ဂိတ်မှာစောင့်ရတာနဲ့ အိမ်မရောက်နိုင်ဘူး။” လို့ ပဝဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကုန်တွေကို အချက်အလက်တွေနဲ့ အသေးစိတ်စစ်ဆေးလာတာအပြင် မြိတ်မြို့တွင်းကားအဝင်၊ အထွက်ကိုလည်း မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိပဲ သွားလာခွင့်ပြုတော့တယ်လို့ ကားသမားတွေက ပြောပါတယ်။

အရင်ကဆိုရင် မြိတ်မြို့အဝင်မှာရှိတဲ့ ကျွဲကူးတံတားထိပ်က စစ်ကောင်စီစစ်ဆေးရေးဂိတ် တစ်ခုတည်းမှာပဲ ခရီးသည်တွေကို ကားအောက်ဆင်းခိုင်းပြီး ကားပေါ်ပါလာတဲ့ ပစ္စည်းထုပ်တွေကို လျှောက်ပတ်ကြည့်တာလောက်ပဲ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မနက် ၄ နာရီကနေ့ ည ၈ နာရီအထိ ကားအဝင်၊ အထွက် ခွင့်ပြုထားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

စစ်ကောင်စီတရားဝင်ထုတ်ပြန်ထားတဲ့ မြိတ်မြို့ရဲ့ ညမထွက်ရအချိန်ဟာ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ဖြစ်ပါတယ်။

မြိတ်မြို့က ရပ်ကွက်တချို့မှာတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ နှုတ်မိန့်နဲ့ နိုဝင်ဘာလ နောက်ဆုံးအပတ်က အဆင့်ဆင့်ပြောဆိုထားတာ ရှိတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။

The Tanintharyi Times