မောတောင်မြို့ကို ဆန်၊ ဆီနဲ့ အခြေခံစားသောက်ကုန်သယ်ယူခွင့်တင်းကြပ်
မောတောင်မြို့ကို ဆန်၊ ဆီနဲ့ အခြေခံစားသောက်ကုန်သယ်ယူခွင့်တင်းကြပ်
ထိုင်းမြန်မာနယ်စပ်မြို့တစ်ခုဖြစ်တဲ့ တနင်္သာရီမြို့နယ်၊ မောတောင်မြို့မှာ ဆန်၊ ဆီစတဲ့ အခြေခံစားသောက်ကုန် သယ်ယူခွင့်အတွက် အခုလကပြီး စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ ဆီမှာ ထောက်ခံစာယူနေရတယ်လို့ မြို့ခံတွေနဲ့ ကုန်တင်ယာဥ်မောင်းသူတွေက ပြောပါတယ်။
မောတောင်မြို့ဟာ နယ်စပ်မြို့ဖြစ်ပေမယ့် ဂိတ်ပိတ်ထားတဲ့အတွက် မြိတ်မြို့ကနေ ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ သယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲဒီလို သယ်ယူဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ စရဖရုံးတွေမှာ ထောက်ခံစာလုပ်ခိုင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
စရဖရုံးမှာ ထောက်ခံစာလုပ်တဲ့အခါ နာမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာအတိအကျနဲ့ သယ်ဆောင်လာမယ့် ကုန်ပစ္စည်းစာရင်းအတိအကျ ပေးနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“အရင်ကထက် ကြပ်တည်းလာတယ်။ ဆန်ဆီကုန်ပစွည်းတင်ရောင်းရတာ မလွယ်ကူတော့ဘူး။ ကိုယ်ရေးအချက်အလက်တွေအကုန် ပေးထားရတာဆိုတော့ တခုခုမှားယွင်းပြီး အဖမ်းခံရမှာလည်း ကြောက်ရသေးတယ်” လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြိတ်ကနေ ကုန်တင်ပြီးပြန် ထွက်လာတဲ့အချိန်မှာ မောတောင်စရဖရုံးကယူလာတဲ့ထောက်ခံစာမှာပါတဲ့ ကုန်ပစ္စည်းစာရင်းနဲ့ ပါလာတဲ့ ကုန်ပစ္စည်းတွေကို မြိတ်အဝေးပြေးကားကွင်းအသစ်က စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေတယ်လို့ မောတောင်ကုန်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
မောတောင်မြို့အဝင်ကိုရောက်တဲ့အချိန်မှာလည်း ထောက်ခံစာမှာဖော်ပြထားတဲ့ ကုန်ပစ္စည်းစာရင်းနဲ့ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကို ထပ်ပြီး တိုက်ဆိုင်စစ်ဆေးနေတယ်လို့ သိရပါတယ်။
“စကစကအခုလိုလုပ်တာက ပြည်သူဖြစ်ချင်ရာဖြစ် ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ရိက္ခာဆန်မရောက်ဖို့က အဓိကဆိုတဲ့ သဘောမျိုးပါ ” လို့ မောတောင်မြို့က ကုန်တင်ယာဥ်မောင်းက ပြောပါတယ်။
မြိတ်ကနေမောတောင်သွားတဲ့လမ်းတစ်လျှောက်က မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲမကြာခဏဖြစ်ပွားလေ့ရှိပါတယ်။
ဒါကြောင့် လမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကို ရိက္ခာမရောက်စေဖို့အတွက် ကုန်သယ်ခွင့်ကို စိစစ်တင်းကြပ်လာတာဖြစ်တယ်လို့ ကုန်တင်ယာဥ်မောင်းက ဆိုပါတယ်။
တနင်္သာရီမြို့နယ်နဲ့အတူ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ပုလောမြို့နယ်မှာလည်း အခုနှစ်ဧပြီလကတည်းကစပြီး ဆန်သယ်ယူခွင့်အပြင် ဆန်ဝယ်စားတာတွေအထိပါ ကန့်သတ်ထားတာတွေရှိနေပါတယ်။

တနင်္သာရီတိုင်းထဲမှာ တိုက်ပွဲတွေ မကြာမကြာဖြစ်ပွားလေ့ရှိတဲ့ ထားဝယ်အရှေ့တော၊ ပုလော၊ တနင်္သာရီနဲ့ ခမောက်ကြီးဒေသတွေကိုလည်း စစ်ကောင်စီက ဆန်သယ်ယူခွင့်ကန့်သတ်ထားပါတယ်။
မောတောင်နယ်စပ် ကုန်သွယ်ရေးဂိတ်ကို ပြီးခဲ့တဲ့ ၂၀၁၉ ကိုဗစ်ကာလကတည်းက ပိတ်ထားတာဖြစ်ပြီး မောတောင်မြို့ကပြည်သူတွေဟာ အဲ့ဒီ့အချိန်ကတည်းကစပြီး ဆန်နဲ့အခြေခံစားသောက်ကုန်တွေကို မြိတ်မြို့ကနေ ဝယ်ယူသုံးစွဲနေကြရတယ်လို့ သိရပါတယ်။
The Tanintharyi Times
