“ တစ်ပတ်တာ မြန်မာ ”
“ တစ်ပတ်တာ မြန်မာ ”
နိုင်ငံတဝှမ်းမှာ ဩဂုတ် ၂၄ ရက်ကနေ ၃၀ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၀ ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
၁။ အပြန်အလှန်စွပ်စွဲခဲ့ကြတဲ့ ဂုတ်ထိပ်တံတားပျက်စီးမှု
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ကမ္ဘာကျော် အမွေအနှစ်တစ်ခုဖြစ်တဲ့ ဂုတ်ထိပ်တံတားဟာ အခုလ ၂၄ ရက်နေ့က ဖျက်ဆီးခံရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး အဲဒီဖျက်ဆီးမှုအတွက် စစ်ကောင်စီတပ်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာနဲ့ နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်ရွာကြားမှာ တည်ရှည်တဲ့ အဲဒီတံတားဟာ နောင်ပိန်ဘက်ခြမ်း တံတားချဥ်းကပ်တိုင်နေရာမှာ ပေ ၃၀ ဝန်းကျင် ကျိုးပဲ့ ပျက်စီးခဲ့တာပါ။ တံတားကို TNLA က ဖောက်ခွဲခဲ့တယ်လို့ စစ်တပ်နဲ့ ထောက်ခံသူတွေက စွပ်စွဲကြပြီး TNLA ကတော့ စစ်တပ်က ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ NUG အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ဂုတ်ထိပ်တံတား ဖျက်ဆီးမှုအပေါ် ပြင်းထန်စွာရှုံချတယ်လို့ ထုတ်ပြန်ထားပါတယ်။
၂။ KNU ကို စစ်အုပ်စုက မတရားအသင်းကြေညာ
စစ်အုပ်စုကို တွန်းလှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အဖွဲအစည်းတွေထဲမှာ သက်တမ်းကြာရှည်ဆုံး ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး – KNU ကို မတရားအသင်းအဖြစ်ကြေညာတယ်လို စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။ KNU ဟာ စစ်အုပ်စု ရဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် – NCA ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲက ထုတ်တဲ့စာမှာတော့ KNU ကို လက်နက်ကိုင်သောင်းကျန်းသူဆိုတဲ့ အသုံးအနှုန်းကိုဖော်ပြထားတာဖြစ်ပါတယ်။

၃။ စစ်ကိုင်းမှာ ငါးရက်အတွင်း နေအိမ် ၄၀၀ ကျော်ကို စစ်တပ်မီးရှို့
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်မှာ အာဏာသိမ်းစစ်တပ်က ၅ရက်တာ စစ်ကြောင်းထိုးမှုအတွင်း နေအိမ် ၄၀၀ကျော်မီးရှိခဲ့ပြီး အရပ်သား ၉ဦးကို သတ်ဖြတ်ထားခဲ့တယ်လို သိရပါတယ်။ ကန့်ဘလူမြိုနယ်အတွင်းက ကျေးရွာ ၆ရွာကို စစ်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ရက်ကနေ ၂၀ရက်နေ့အထိ ၅ရက်တာအတွင်း စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်တွေကို မီးရှိဖျက်ဆီးခဲ့ကာ အရပ်သား ၉ဦးကို သတ်ဖြတ်သွားခဲ့တယ်လို ကန့်ဘလူခရိုင် ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲက ထုတ်ပြန်ထားတာပါ။ စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး) အင်အား ၂၀၀ကျော်က ကန့်ဘလူမြိုနယ်အတွင်းက ရွာမရွာသစ်၊ ထိန်တော၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ကိုင်းရိုးနဲ့ ကျေးပင်အက်ကျေးရွာ တွေကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး မီးရှိခဲ့တာကြောင့် လူနေအိမ် ၄၃၀နဲ့ စာသင်ဆောင် ၄ဆောင် ပျက်စီးခဲ့ပါတယ်။
၄။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် ဖြစ်ခွင့်ပေးဖို့ ရှီကျင့်ဖျင်ကို စစ်ခေါင်းဆောင် တောင်းဆို
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ရဲ့အဖွဲ့ဝင် ဖြစ်ခွင့်ပေးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် က တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုတောင်းဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဩဂုတ်လ ၃၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ၅နာရီမှာ တရုတ်သမ္မတရှီကျင့်ဖျင် နဲ့တွေ့ဆုံခဲ့ပြီး အခုလိုတောင်းဆိုခဲ့တာလို့ စစ်ကောင်စီအာဘော် နိုင်ငံပိုင်မီဒီယာတွေ မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မှာ အဖွဲ့ဝင်နိုင်ငံဖြစ်လာစေရေး တရုတ်နိုင်ငံ အနေနဲ့ ဆက်လက်ထောက်ခံ ပေးစေလိုတယ်လို့ မင်းအောင်လှိုင် က ရှီကျင့်ဖျင်ကိုတောင်းဆိုခဲ့တာပါ။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ညီလာခံကို မြန်မာနိုင်ငံ အနေနဲ့ ၂၀၂၃ ခုနှစ် မတ်လက SCO ရဲ့ ဆွေးနွေးဖက်နိုင်ငံ ဖြစ်လာကာ အစည်းအဝေးတွေ စတင်တက်ရောက်ခဲ့တယ်လို့ မင်းအောင်လှိုင် က ပြောကြားခဲ့ပါတယ်။

၅။ အသစ်ဖွဲ့စည်းလိုက်တဲ့ အထူးတိုင်းစစ်ဌာန အပါအဝင် PDF တပ်မှူးကြီးများအစည်းအဝေးပြုလုပ်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ PDF တိုင်းစစ်ဌာန ၁၀ ခု တပ်မှူးကြီးတွေစုဝေးပြီး ၃ ရက်ကြာအစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့ခုခံတော်လှန်စစ်ရဲ့ စစ်ရေးအောင်ပွဲတွေ ဆက်လက် ရရှိနေစေဖို့အတွက် NUG ကွပ်ကဲမှုအောက်က တိုင်းစစ်ဌာန ၁၀ ခုက တပ်မှူးကြီးတွေ က သြဂုတ် ၂၃ ရက်ကနေ ၂၅ ရက်အထိ အစည်းအဝေးလုပ်ခဲ့တာလို့ ဆိုပါတယ်။ ဒီအစည်းအဝေးမှာ PDF နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တွေကို အမိန့်ပေးကွပ်ကဲမှုကောင်းမွန်ပြီး ကျင့်ဝတ်လိုက်နာတဲ့ တပ်မတော်တရပ်အဖြစ် စနစ်တကျဆက်လက်တည်ဆောက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်းသိရပါတယ်။ သုံးရက်တာအစည်းအဝေးမှာ PDF စစ်ဦးစီးချုပ် ၊ဒုစစ်ဦးစီးချုပ် နဲ့ စစ်ရုံးချုပ် တာဝန်ရှိသူတွေအပြင် အမှတ် ၁ စစ်ဒေသ စစ်ဒေသမှူးလည်း တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တိုင်းစစ်ဌာန တွေကို စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းတောင်-ကယား(ကရင်နီ) ၊ နေပြည်တော်၊ ပဲခူး ၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ နဲ့ အထူးတိုင်းစစ်ဌာန တွေ အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

၆။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရမှုမှာ ဘဏ္ဍာငွေပံ့ပိုးခဲ့တဲ့ KBZ နဲ့ Max တို့ကို အရေးယူဖို့ JFM တိုက်တွန်း
လွန်ခဲ့တဲ့ ၈ နှစ်က ရိုဟင်ဂျာတွေ အပေါ် မြန်မာစစ်အုပ်စုရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုမှာ ဘဏ္ဍာငွေပံ့ပိုးခဲ့ခရိုနီကုမ္ပဏီတွေဖြစ်တဲ့ KBZ နဲ့ Max တိုကို အရေးယူဖို Justice For Myanmar က တိုက်တွန်းလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကုမ္ပဏီနဲ့ အဖွဲအစည်းပေါင်းစွာဟာ မြန်မာစစ်အုပ်စုရဲ့ “နယ်မြေရှင်းလင်းစစ်ဆင်ရေး” အတွက် ပံ့ပိုးကူညီဖို ဒေါ်လာသန်းပေါင်းများစွာကို စစ်အုပ်စုထံ တိုက်ရိုက်လှူဒါန်းခဲ့ကြတယ်လို JFM က ဆိုပါတယ်။ အဲ့ဒီ ကုမ္ပဏီအဖွဲအစည်းတွေကို ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) က မှတ်တမ်းတင်ထားရှိခဲ့ပြီး၊ အဲ့ဒီအဖွဲအစည်းတွေကို ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် တောင်းဆိုခဲ့တယ်လိုလည်းဆိုပါတယ်။ ခရိုနီကုမ္ပဏီတွေဖြစ်တဲ့ KBZ နဲ့ Max တိုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်လာလို မရအောင် နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ရေးအတွက် ငွေကြေးလှူဒါန်းမှုများစွာ ပေးအပ်ခဲ့ပြီး အားပေးအားမြောက်ပြုသူများအဖြစ် ပါဝင်ခဲ့ကြတယ်လို ဆိုပါတယ်။
၇။ ဒိုက်ဦးထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသူ ၈ ဦးကို အကြောင်းမဲ့တိုက်ပိတ်
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသူ ၈ ဦးကို အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ တိုက်ပိတ်ထားတယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ဒိုက်ဦးအကျဉ်းထောင် ရဲ့ အမျိုးသမီး အဆောင်တစ်ခုဖြစ်တဲ့ မေခဆောင်အခန်း(၁)ကို အကျဉ်းဦးစီးဝန်ထမ်းတွေက တရားမဝင်ပစ္စည်းများရှိမရှိ ရှာဖွေရေး လုပ်ဆောင်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီလိုရှာဖွေရာမှာ နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေးရဲ့ နေရာအနီး ဖုန်းဘတ္ထရီတစ်ခု တွေ့တယ်လို အကြောင်းက အကျဉ်းဦးစီးဝန်ထမ်းတွေက မနိုဗာနီနီထွေး ကိုလာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို PPNM က ဆိုပါတယ်။ ဒါပေမယ့် ပစ္စည်းတွေ့ရှိတာကို လက်ဝယ်အတွင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ စွပ်စွဲပြီး ခွဲခြားအပစ်ပေးတဲ့ ပုံစံဖြစ်နေတာကြောင့် ပြစ်ဒဏ်မခံနိုင်ကြောင်း မနိုဗာနီနီထွေး ကတင်ပြခဲ့တယ်လို သိရပါတယ်။
၈။ မြဝတီက ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားဝင်းမှာ စစ်တပ်အင်အား ၃၀၀ ဝန်းကျင် တပ်စွဲ
ကရင်ပြည်နယ်၊ မြ၀တီမြိုက မြန်မာ – ထိုင်း အမှတ် (၂ ) ချစ်ကြည်ရေးတံတားဝင်းထဲမှာ စစ်တပ်အင်အား ၃၀၀ ဝန်းကျင် အခုလ ၂၄ ရက်ညပိုင်းကစတင်ရောက်ရှိနေရာယူ တပ်စွဲထားတယ်လို သိရပါတယ်။တပ်စွဲထားတဲ့ စစ်တပ်တွေဟာ မြဝတီမြိုအခြေစိုက်အမှတ် (၂၇၅) ခြေလျင်တပ်ရင်းက တပ်ဖွဲ ဝင်တွေဖြစ်တယ်လို သိရပါတယ်။ မြန်မာ – ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာအဓိကကျတဲ့အမှတ် (၂) ချစ်ကြည် ရေးတံတားကို စစ်ကောင်စီက သြဂုတ်လ ၁၈ ရက်မှာ ရုတ်တရက် ပိတ်ချလိုက်ပြီးနောက် ရက်သတ္တပတ်အကြာမှာအခုလို အင်အားအလုံးအရင်းနဲ့ မြန်မာဘက်ခြမ်းတံတားဘက်မှာ တပ်စွဲလိုက်တာလည်းဖြစ်ပါတယ်။
၉။ ပြည်ပပို့ကုန်တွေ ကုန်သယ်ခွင့်ကန့်သတ်ပြီးနောက် ပြည်တွင်းအမြန်ချောပို့လုပ်ငန်းကိုပါကန့်သတ်လာ
စစ်တပ်က ပြည်ပပိုကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါအမြန်ချောပိုလုပ်ငန်းတွေ ကိုပါကန့်သတ်လာပါတယ်။နေပြည်တော်အပါအဝင် စစ်ကိုင်း၊ ပဲခူး၊ ကရင်၊ မွန်၊ မကွေးနဲ့ တနင်္သာရီတိုင်းတွေဆီ ပါဝါဘန့်နဲ့ ဆိုလာတိုလို လျှပ်စစ်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းအများစုကို ပိုဆောင်ခွင့်တားမြစ်ထားတယ်လို ဆိုပါတယ်။ အမြန်ချောပို လုပ်ငန်းတချိုဆိုရင်လည်း ပါဆယ်တစ်ခုကို ၃ကီလိုထက် ကျော်လွန်ပိုဆောင်လို မရဘဲ တစ်ကိုယ်စာသုံး ပစ္စည်းအရေအတွက်ကိုသာ ဝန်ဆောင်မှုပေးမှာဖြစ်ကြောင်းလည်း ထုတ်ပြန်တာတွေရှိလာပါတယ်။
၁၀။ မြန်မာ ဒုက္ခသည်တွေကို အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ ထိုင်းအစိုးရဆုံးဖြတ်
နယ်စပ်တစ်လျောက်ကဒုက္ခသည်စခန်းတွေမှာနေထိုင်နေတဲ့ မြန်မာ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံ အတွင်းတရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ ဩဂုတ်လ ၂၆ ရက်နေ့မှာပြုတဲ့ ထိုင်းအစိုးရ အဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံအတွင်း အလုပ်သမားပြတ်လပ်မှု နဲ့ စီးပွားရေးတိုးတက်မှုရပ်တန့် နေတဲ့ ပြဿနာကို အထိုက်အလျောက်ဖြေရှင်းပေးနိုင်မယ်လို့ Phongkwin Chungruangkit က ပြောပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်ခရိုင် လေးခုဖြစ်တဲ့ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ကန်ချနာဘူရီ၊ရာချာဘူရီ စတဲ့ ခရိုင်တွေမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းတွေက မြန်မာနိုင်ငံသားတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ ကနဦးအနေနဲ့ ဒုက္ခသည် ၄၂,၀၀၀ ကျော်ကို အရင်ဆုံး အလုပ်လုပ်ကိုင်ခွင့် ပြုမယ်လို့ ထိုင်းအစိုးရ ထုတ်ပြန်ပါတယ်။

The Tanintharyi Times
