မုံရွာဓားပြတိုက်မှုမှာ သတ်ဖြတ် ခံလိုက်ရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူကို ဒီကနေ့ သင်္ဂြိုဟ်မယ်

မုံရွာဓားပြတိုက်မှုမှာ သတ်ဖြတ် ခံလိုက်ရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူကို ဒီကနေ့ သင်္ဂြိုဟ်မယ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ကျွဲကြီး ဦးဆောင်တဲ့ ဓားပြတိုက်သူတွေရဲ့ သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့ရတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူကို ဒီကနေ့ သင်္ဂြိုဟ် မှာဖြစ်ကြောင်း မိသားစုဝင်တချို့ရဲ့ လူမှုကွန်ရက်မှာ ကြေညာထားမှုအရ သိရှိရပါတယ်။

ဓားပြတိုက်သူတွေရဲ့ သတ်ဖြတ်မှုကြောင့် ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန် ကွယ်လွန်ခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူ(ခ) သဲသဲ အသက် ၂၅ နှစ်ကို ဒီကနေ့ (ဩဂုတ်လ ၁၂ ရက်) နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ မြို့မ သုဿာန်ကို ပို့ဆောင်သင်္ဂြိုဟ် မယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊မုံရွာမြို့က ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပစ်ခတ်သတ်ဖြတ် ခဲ့တဲ့လက်နက်ကိုင် ၆ ဦးပါ ကျွဲကြီး ဦးဆောင်တဲ့ တော်လှန်ရေး အယောင်ဆောင် အဖွဲ့ ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန် မုံရွာမြို့၊ ထန်းတောကျွန်းဆွယ်ရပ်ကွက်မှာ နေထိုင်တဲ့ အသက်၂၅နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး မအေးငြိမ်းသူကို ကျွဲကြီး ဦးဆောင်တဲ့ အဖွဲ့က လက်လုပ်‌ သေနတ်တွေနဲ့ နေအိမ်တွင်းဝင်ရောက် ပစ်ခတ် လုယက်သွားတာဖြစ်ပါတယ်။

တရားခံကျွဲကြီး ဦးဆောင်တဲ့ တော်လှန်ရေး အမည်ခံ Monywa Force လက်နက် ကိုင်အဖွဲ့ဟာ ဒလန်ရှင်းလင်းရေး အမည်တပ်ပြီး ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့ အပြစ်မဲ့ပြည်သူတွေကိုပါ ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး တော်လှန်ရေး နာမည်ဖျက်ဖို့ အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရတယ်လို့ မုံရွာ ပလဖက ဆိုပါတယ်။

The Tanintharyi Times