ပျိုးပင်၊ မျိုးဆက်နဲ့ ခေတ်
ပျိုးပင်၊ မျိုးဆက်နဲ့ ခေတ်
တစ်ရှူးနဲ့ ပျိုးစိုက်ထားတာမှာ အညှောင့်ထွက်ရှင်သန်လာတဲ့ အပင်လေးတွေ၊ ဖြစ်သလို ပျိုးစိုက်ထားမိရင်း ရှင်သန် လာတဲ့ အပင်လေးတွေကိုကြည့်ရင်း ခေတ်နဲ့မျိုးဆက်အကြောင်း ရုတ်တရက်အတွေးပေါ်လာမိတယ်။
အဲဒီလို အတွေးပေါ်လာရင်း ရှင်သန်ဖြစ်တည်မှုဆိုတာ ပျိုးစိုက်ထားလို့ပဲ ဖြစ်ဖြစ်၊ အလေ့ကျသဘောမှာပဲဖြစ်ဖြစ် လိုအပ်တဲ့ အဓိကအကြောင်းရင်း လွဲချော်နေရင် အသက်ရှင်မှုကလည်း အဓိပ္ပါယ်အံချော်သွားတာမျိုးပဲလို့လည်း တစ်ဆက်တည်း တွေးမိပြန်တယ်။
ဘာရယ်မဟုတ် အခုနောက်ပိုင်း ကာလတွေထဲ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက် တစ်နေ့ထက်တစ်နေ့ ပစ္စန္တရစ်လို ပိုပိုဖြစ်တည်လာနေတဲ့ ခေတ်ဆိုးကြီးထဲ ရသေ့စိတ်ဖြေသဘောအဖြစ် အပင်လေးတွေကို ပျိုးစိုက်နေမိတာ ပဲဖြစ်တယ်။
ဒီလို ပျိုးစိုက်တဲ့နေရာမှာလည်း မျိုးစေ့တွေဝယ်၊ မြေဆွေးတွေဝယ်ပြီး အရံသင့် စိုက်ပျိုးတာမျိုးမဟုတ်ဘဲ လမ်းမှာ သွားရင်း လာရင်းတွေ့မိတဲ့ အစေ့အဆံလေးတွေ၊ အိမ်မှာသုံးစွဲပြီးနောက် မစွန့်ပစ်ဘဲ သိမ်းဖယ်ထားဖြစ်တဲ့ အစေ့အ ဆံလေးတွေကို သင့်သလို ပျိုးစိုက်ထားတာပဲဖြစ်တယ်။
အခုလည်း အဲဒီလို ပျိုးစိုက်ထားမိတဲ့ အပင်လေးတချို့ ရှင်သန်လာတာမှာ ပိုမိုကြီးထွားလာနိုင်ဖို့ မြေကြီးပျိုးအိတ် ထဲ ပြောင်းလှယ်ထည့်ရင်း ခေတ်ကြီးနဲ့ မျိုးဆက်အကြောင်း အတွေးပေါ်လာခဲ့တာပါပဲ။
တကယ်တမ်းတော့ မျိုးစေ့ကလေးတွေဟာ ပျိုးစိုက်ခံရလို့ပဲဖြစ်ဖြစ် ၊ အလေ့ကျသဘောပဲဖြစ်ဖြစ် သူ့ရဲ့ ရှင်သန်ဖြစ် တည်မှုအတွက် အညှောင့်ထွက် အသက်ဝင်လာခဲ့ရပေမဲ့ ကောင်းမွန်ပြည့်စုံပြီး လွတ်လပ်တဲ့ သဘာဝပထဝီမြေကြီး မှာ စစ်စစ်မှန်မှန် ဖြစ်တည်ရှင်သန်ပြီး အသက်ဝင်လာခဲ့ရတာမျိုးတော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။
ခေတ်ကြီးထဲ လူသားတစ်ယောက်ဟာ မွေးရာပါအခွင့်အရေးတွေ အပြည့်အဝမရရှိဘဲ ရှင်သန်ဖြစ်တည်လာရသလို မျိုးစေ့ကလေးတွေလည်း သဘာဝပထဝီမြေကြီးမှာ စစ်စစ်မှန်မှန်အသားကျရှိတည်ရင်း အညှောင့်ထွက်ရှင်သန် ခွင့်မရဘဲ ရှင်သန်လာရတာမျိုးပါပဲ။
တစ်ခါတလေ တစ်ရှူးစထဲ၊ တစ်ခါတလေ ပျိုးအိတ်ထဲ၊ တစ်ခါတလေ ကိုင်းကူးခံရမှုထဲ ၊ တစ်ခါတလေ မတူညီတဲ့ မျိုးစပ်ပွားခံရမှုထဲ စသဖြင့် မျိုးစုံသောနည်းလမ်းနဲ့ လွတ်လပ်ပြည့်စုံတဲ့သဘာဝမြေကြီးကိုထိတွေ့ခွင့်မရဘဲ ရှင်သန် ကြီးပြင်းလာရတာ ဖြစ်တယ်။
ခေတ်ကြီးနဲ့ မျိုးဆက်တွေကို ပျိုးပင်လေးတွေကတစ်ဆင့် ဆက်စပ်ကြည့်မိတော့ ၁၉၆၂ ခုနှစ်ကစလို့ အာဏာရှင် အမှောင်ခေတ်ကြီးထဲ ရှင်သန်ဖြစ်တည်လာခဲ့ရတဲ့ မျိုးဆက်တွေဟာ ကောင်းမွန်ပြည့်စုံလွတ်လပ်တဲ့ သဘာဝမြေ ကြီးမှာ ရှင်သန်ခွင့်မရတဲ့ ပျိုးပင်ကလေးတွေပါပဲ။
ပျိုးပင်ကလေးတွေဟာ မျိုးဆက်လူသားတစ်ယောက်ဆို မွေးရာပါအခွင့်အရေး အပါအဝင် လူသားတစ်ဦးရဲ့ ရသင့် ရထိုက်မှုတွေ အပြည့်အဝ မရရှိဘဲ ရှင်သန်ကြီးပြင်းလာရတာမျိုးပါပဲ။
ရွေးချယ်ခွင့်မရဘဲ ခေတ်ကြီးထဲ ပစ်ချခံလိုက်ရတဲ့ မျိုးဆက်တွေဟာ မျိုးစုံသောနည်းလမ်းမှာ ရှင်သန်ဖြစ်တည်ဖို့ အညှောင့်ထွက်ခဲ့ရသလို အာဏာရှင်ခေတ်ကြီးထဲ အရာရာကို ဆုံးရှုံးရင်း အသက်ရှင်နေထိုင်ရခြင်း သက်သက်မှာ ဘဝတွေ ပြီးဆုံးခဲ့ကြရတာပါပဲ။
မျိုးစုံသော နည်းလမ်းမှာ မျိုးစုံသောအကြောင်းနဲ့ရှင်သန်ရင်း အသီးအပွင့်တွေ ဝေဆာနေတာလည်းရှိတာပဲမဟုတ်လားလို့ ဆိုချင်ဆိုနိုင်ပေမဲ့ ဒါဟာ သဘာဝလွတ်လပ်မှုဆီက ဖြစ်တည်လာတဲ့ အသီးအပွင့်မျိုးမဟုတ်ဘဲ ပြုပြင်ခံ ထားရတဲ့ ရှင်သန်ကြီးပြင်းအောင် ကျင့်ကြံခြင်းဆီက ဖြစ်ပေါ်လာခြင်းသက်သက်ပါပဲ။ ဥပမာ ကြီးမားခမ်းနားတဲ့ အဆောက်အအုံတွေရဲ့ အရှေ့မှာဖြစ်ဖြစ် ၊ လှပကျယ်ပြောတဲ့ ပြင်ဆင်မှုအပြည့် အခန်းအတွင်းမှာဖြစ်ဖြစ် ထိုးစိုက်အလှဆင်ခံထားရတဲ့ ပျိုးပင်တွေကို ကြည့်ကြည့်ပေါ့။ ကိုယ့်ရေသောက်မြစ်ကို ကိုယ်တိုင် အပြည့်အဝ ဆန့်ထုတ်ခွင့်မရဘဲ လက်တစ်ဖက်စာဧရိယာထဲ ခွေခေါက်သိမ်းဆည်းပြီး အန်ထွက်နေခဲ့ရတာ။
တစ်ခါတလေ အဲဒီပျိုးပင်တွေထဲမှာ အာဏာရှင်အဆောက်အအုံကြီး တင့်တယ်အောင် အသုံးချ အလှဆင်ခံရတဲ့ မျိုးဆက်တွေလည်း ရှိခဲ့တယ်လို့တောင် ဆိုရမလိုပါပဲ။ အဲဒီလိုမဟုတ်ဘူးလေ၊ ဒီမှာဒီလောက်ရှင်သန်ကြီးထွားတဲ့၊ လူသားအာဟာရအတွက်အသုံးဝင်တဲ့ ကြီးထွားရှင်သန် အပင်တွေလေကွာလို့ လက်ညိုးထိုးပြချင် ပြနိုင်ပါတယ်။ ငါ့ရှင်သန်မှုကကောင်းကောင်းမွန်မွန်သီးပွင့်နေတာပဲလေ လို့ ဆိုကောင်းဆိုနိုင်ပါတယ်။
ဒါပေမဲ့ သေချာတာက ဒါဟာ သဘာဝပထဝီမြေကြီးလို မွေးရာပါရပိုင်ခွင့်နဲ့ လူသားတစ်ဦးရဲ့လွတ်လပ်မှုဆီက ဖြစ်ထွန်းလာခဲ့တာမျိုးမဟုတ်ဘဲ မျိုးဆက်ကိုကိုင်းကူးဗီဇပြောင်းပြီး အာဏာရှင်စိတ် တိုင်းကျ ဖန်တီးမှုမှာ ရှင်သန်ကြီး ထွားနေခြင်းမျိုးပါပဲ။
အဲဒီအသီးအပွင့်တွေဟာ သဘာဝပထဝီမြေကြီးကို ချစ်မြတ်နိုးတဲ့ ပျိုးပင်လေးတွေ၊ လူသားတစ်ဦးရဲ့ မွေးရာပါ အခွင့်အရေးကို တပ်မက်လိုချင်တဲ့ မျိုးဆက်တွေအတွက် ဘယ်အကြောင်းတရားမှာမှ တိုက်ဆိုင်မနေခဲ့ဘူးဆိုတာ အသေအချာပါပဲ။
သေရင်မြေကြီးဆိုပြီး ကိုယ့်ကိုကိုယ် ပျိုးပင်တွေ ရွှေထီးဆောင်းလွတ်လပ်စွာရှင်သန်ဖို့ ပေးဆပ်ခဲ့တဲ့ မျိုးဆက်တွေရဲ့ စာရင်းကို ရေကြီးလို့ စိုက်ခင်းတွေ ဆုံးရှုံးသွားတဲ့ တောင်သူတွေ စိုက်ကွက်ကိုငေးကြည့်သလိုခံစားမှုနဲ့ ခေတ်ကို ကြည့်တတ်ရင် ပျိုးပင်တွေလည်း လွတ်လပ်တဲ့ သဘာဝမြေကြီးဆီမှာ မြန်မြန်ရှင်သန်ခွင့်ရလာမှာပါ။ မျိုးဆက်တွေ လည်း ကိုယ့်ကိုယ်ကို အာဏာရှင်အဆောက်အအုံရှေ့က အလှထိုးပန်းအိုးကြီးလား၊ မျိုးဗီဇပြောင်းခံထားရတဲ့ ရှင် သန်ကြီးထွားနေမှုလားဆိုတာ မမေ့အပ်တဲ့ အကြောင်းလို့လည်း ဆိုရမှာပါ။
ညီမင်းဆက်
The Tanintharyi Times
