ပါကစ္စတန်က နိုင်ငံ‌ရေးပါတီတစ်ခုရဲ့ အလုပ်သမားထုညီလာခံမှာ အသေခံဗုံးခွဲမှု‌ကြောင့် လူ ၄၀ ကျော် သေဆုံး

ပါကစ္စတန်က နိုင်ငံ‌ရေးပါတီတစ်ခုရဲ့ အလုပ်သမားထုညီလာခံမှာ အသေခံဗုံးခွဲမှု‌ကြောင့် လူ ၄၀ ကျော် သေဆုံး

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်မှာ တနင်္ဂနွေနေ့က နိုင်ငံရေး လူထုစု‌ဝေးပွဲအတွင်း အသေခံ ဗုံးခွဲသူတစ်ဦးကြောင့် အနည်းဆုံး လူ ၄၂ ဦး သေဆုံးခဲ့ပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ Bajaur ဒေသရဲ့ ရှေးမျိုးနွယ်စုနယ်မြေမှာရှိတဲ့ ကွန်ဆာဗေးတစ် Jamiat Ulema Islam-Fazl (JUI-F) ပါတီရဲ့ အလုပ်သမားထု ညီလာခံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာ Bajaurက ဆေးရုံတွေမှာ အ‌ရေးပေါ် အခြေအနေ ကြေညာထားပြီး ပြင်းထန်ဒဏ်ရာရရှိထားသူတွေကို Bajaur ကနေ ပြည်နယ်မြို့တော် Peshawar မှာရှိတဲ့ ဆေးရုံတွေကို စစ်ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပထမတန်း ကယ်ဆယ်ရေး ဝန်ဆောင်မှုဖြစ်တဲ့ Rescue 1122 ရဲ့ ထုတ်ပြန်ချက်မှာတော့ သေဆုံးသူ ၄၂ ဦး ရှိသွားပြီလို့ ထုတ်ပြန်ထားပါတယ်။

နယ်‌မြေခံ ရဲမှူး Nazir Khan က လူစုလူဝေး အတွင်း ပေါက်ကွဲမှုကြောင့် လူ ၁၃၀ ကျော် ဒဏ်ရာရခဲ့ပြီး အများစုမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

အဆိုပါ ပေါက်ကွဲမှုဟာ အသေခံဗုံးခွဲခြင်းကြောင့် ဖြစ်ခဲ့ရတာလို့ ပြည်နယ်ရဲချုပ် Akhtar Hayat က Reuters ကို ပြောပါတယ်။

မနှစ်က Tehreek-e-Taliban Pakistan (TTP) နဲ့ ပါကစ္စတန်အစိုးရ တို့ အကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားချိန်ကစတင်ကာ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ ပါကစ္စတန်မှာ ပြန်လည်စတင်လာခဲ့ပါတယ်။အခုနှစ် အစောပိုင်းတုန်းက ပတ်ရှာဝါက ဗလီတစ်ခုဗုံးပေါက်ကွဲမှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဒါပေမဲ့ TTP ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ပါကစ္စတန်မှာ အရင်က ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေနောက်ကွက်မှာ သူတို့အဖွဲ့နဲ့ ဆက်စပ်အဖွဲ့တွေ ရှိခဲ့ပေမဲ့ တနင်္ဂနွေနေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုမှာတော့ သူတို့နဲ့ မသက်ဆိုင်ကြောင်း ‌ပြောကြားခဲ့ပါတယ်။

TTP ဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်ရှိ တာလီဘန်တွေရဲ့ အဖွဲ့ခွဲမဟုတ်ပေမဲ့ မိတ်ဖက်အဖွဲ့ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က အဆိုပါ ပေါက်ကွဲမှုကို ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ပစ်မှတ်ထားခံရတဲ့ JUI-F ပါတီဟာ နိုဝင်ဘာမှာ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ၀န်ကြီးချုပ် Shehbaz Sharif ရဲ့ ညွန့်ပေါင်းအစိုးရအတွက် အဓိကမဟာမိတ်ပါတီ ဖြစ်ပါတယ်။

Sharif ကတော့ ဒီပေါက်ကွဲမှုကို ရှုတ်ချပြီး ဒါဟာ ပါကစ္စတန်ရဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို တိုက်ခိုက်တာလို့ ဆိုပြီး တရားခံတွေကို အပြစ်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

မြို့တော် အစ္စလာမ် မာဘတ် က အမေရိကန်သံရုံးနဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan တို့က Twitter (X) စာမျက်နှာ ပေါ်မှာ အခုလိုဖောက်ကွဲမှုကို ရှုတ်ချကြောင်း ရေးသားထားပါတယ်။

Ref: ရိုက်တာ

The Tanintharyi Times