ထားဝယ်မြို့ကို လှမ်းမြင်နေရတဲ့ သဲပုံတောင်မှာ စစ်ကောင်စီတပ်အထိုင်စခန်း ဆောက်နေ
ထားဝယ်မြို့ကို လှမ်းမြင်နေရတဲ့ သဲပုံတောင်မှာ စစ်ကောင်စီတပ်အထိုင်စခန်း ဆောက်နေ
လောင်းလုံးမြို့နယ်ထဲမှာ ရှိတဲ့ သဲပုံရွာက သဲပုံတောင်(ခေါ်) အင်းဝတောင်မှာ စစ်ကောင်စီတပ်က အထိုင်စခန်းတစ်ခု ဆောက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ အခုလ ၂၄ ရက်နေ့ကတည်းက အဲဒီတောင်ပေါ်ကို ရောက်ရှိလာပြီး စခန်းဆောက်လုပ်နေတာလို့ သိရပါတယ်။
“ဒီတောင်ကုန်းက ဗျူဟာကျတယ်။ ထားဝယ်ရော၊ လောင်းလုံးရောအတွက်ပဲ။ အခုဆောက်နေတဲ့ စခန်းက ကျယ်တယ်လို့တော့ သိရတယ်။ လက်နက်ကြီးပစ်ကူဖို့ အထိုင်ချတာမျိုးဖြစ်နိုင်ပါတယ်” လို့ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
ဒေသခံတွေ ပြောပြချက်အရ တောင်ထိပ်မှာ သစ်ပင်တွေခုတ်ထွင်ရှင်းလင်းနေပြီး သံဆူးကြိုးတွေ ကာရံနေတယ်လို့ သိရပါတယ်။
အနီးအနားရွာကဒေသခံတစ်ဦးကတော့ “ရိက္ခာတွေ၊ ပစ္စည်းတွေ အစုံအလင်ယူလာပြီးတော့ကို အသေအချာ ဆောက်နေကြတာ” လို့ ပြောပါတယ်။
စခန်းဆောက်နေတဲ့နေရာဟာ စစ်ကောင်စီတပ်သားတွေ မကြာခဏလာရောက်ကာ သဘော့ဆိပ်၊ ပြင်ကြီးနဲ့ ကရင်ကြီးရွာတွေဘက်ကို လက်နက်ကြီး အထိုင်ချပစ်ခတ်ခဲ့ဖူးတဲ့ နေရာလည်း ဖြစ်ပါတယ်။
အခုလ ၂၅ ရက်နေ့ကလည်း အဲဒီတောင်ပေါ်ကနေ အနောက်ဘက်က ကရင်ကြီးရွာထဲကို လက်နက်ကြီးနဲ့ ၆ချက်ထက်မနည်း ပစ်ခတ်ခဲ့ပါသေးတယ်။
တောင်ခြေမှာရှိတဲ့ သဲပုံရွာက ဒေသခံတချို့ကတော့ တပ်စခန်းဆောက်နေတယ်လို့ သိရကတည်းက စိုးရိမ်ပြီး ရွှေ့ပြောင်း နေထိုင်တာတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စခန်းဆောက်နေတဲ့ သဲပုံတောင်(ခေါ်)အင်းဝတောင်နဲ့ ထားဝယ်မြို့ဟာ ၃ မိုင်ခန့်သာအကွာအဝေးရှိပြီး ထားဝယ်မြို့ကိုလည်း ၎င်းတောင်ပေါ်ကနေ လှမ်းမြင်ရပါတယ်။
The Tanintharyi Times
