ကရင့်တော်လှန်ရေးရည်မှန်းချက် ဟာ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေး ဖြစ်တယ်လို့ KNU ဥက္ကဌ ပြော

ကရင့်တော်လှန်ရေးရည်မှန်းချက် ဟာ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေး ဖြစ်တယ်လို့ KNU ဥက္ကဌ ပြော

Photo - KIC

ကရင့်တော်လှန်ရေး ရည်မှန်းချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစစ်စစ် တည်ဆောက်သွားဖို့ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၃၁ မှာ ကျရောက်တဲ့ ကရင်အမျိုးသားတော်လှန်ရေးနေ့ ၇၆ နှစ်မြောက်မှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောဆိုသွားတာပါ။

မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစစ်စစ်အဖြစ် တည်ဆောက်သွားမယ်ဆိုတဲ့ ကရင့်တော်လှန်ရေး ရည်မှန်းချက်ဟာ ကရင်လူမျိုး အကျိုးစီးပွားအတွက် လှုပ်ရှားဆောင်ရွက်နေတာနဲ့ ကိုက်ညီသလို ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားနဲ့လည်း သက်ဆိုင်နေပါတယ်လို့ KNU ဥက္ကဌ က ပြောပါတယ်။

“ကော်သူးလေ ကရင်ပြည်ကို တည်ဆောက်ရမည်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို လူမျိုးအခြေပြု ပြည်နယ်များနှင့် အခြားပြည်နယ်များဖြင့် တည်ထောင်သွားရမှာ ဖြစ်တယ်” လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုပါတယ်။

ကရင့်တော်လှန်ရေး ၇၆ နှစ်တာမှာ KNU အနေနဲ့ နိုင်ငံရေးနည်းလမ်း၊ စစ်ရေးနည်းလမ်းတို့နဲ့ အမြဲတစေ တိုက်ပွဲဝင်နေပြီး ၂၀၁၂ ကနေ ၂၀၂၁ ခုနှစ်အထိ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာ ဆွေးနွေးဖို့ အပစ်ရပ်ပေမယ့် ဗမာ့စစ်တပ်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစစ်စစ်ကို တည်ဆောင်လိုတဲ့ သဘောထားရပ်တည်ချက်တွေ မတွေ့ရဘူးလို့ ပဒိုစောကွယ်ထူးဝင်းက ထောက်ပြပါတယ်။

အာဏာကို လက်လွှတ်ရပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရမှာကို စိုးရိမ်တာကြောင့်ပဲ စစ်တပ်ဟာ အာဏာသိမ်းမှု ထပ်မံလုပ်ဆောင်ခဲ့တာလို့ KNU ဥက္ကဌက ဆက်ပြောပါတယ်။

အရင်ကာလတုန်းက ဗမာစစ်တပ်ဟာ ဝံသာနုမျိုးစိတ်ဓာတ်ကို အသုံးချပြီး ဖက်ဒရယ်ဝါဒဟာ ခွဲထွက်ရေးလို့ မှိုင်းတိုက်ခဲ့ပေမယ့် ဒီနေ့ဒီအချိန်မှာတော့ ပြည်သူလူထုတွေနဲ့ ဗမာလူမျိုး လူထုလူတန်းစား အားလုံး၊ နိုင်ငံ့ဝန်ထမ်းတွေ နဲ့ လူငယ်တွေဟာ စစ်တပ်ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကို သဘောပေါက်လာကြပြီး စစ်အာဏာရှင်ကို နိုင်ငံရေးနည်းလမ်းနဲ့ သာမက စစ်ရေးနည်းလမ်းနဲ့ပါ ဆန့်ကျင်ရင်ဆိုင် တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

KNU ဥက္ကဌက မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးတို့ဟာ ငြိမ်းချမ်းရေးနဲ့ ကြီးပွားတိုးတက်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းဟာ အာဏာရှင်စနစ်တိုင်းကို အဆုံးသတ်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့သာ ဖြစ်ကြောင်း ထပ်လောင်း အသိပေးထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်း၊ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည် ငြိမ်းချမ်းဖို့နဲ့ ပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ဆိုရင် တိုင်းရင်းသားလူမျိုးတွေနဲ့ ပြည်သူ့အဖွဲ့အစည်း အားလုံးကို ဒီနိုင်ငံရဲ့ ရေခံမြေခံ ပကတိအခြေအနေနဲ့ ကိုက်ညီတဲ့ ကူညီမှုမျိုးတွေ ဆောင်ရွက်ပေးကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းတောင်းဆိုထားပါတယ်။

တိုင်းပြည်အုပ်ချုပ်သူတွေက ကရင်လူမျိုးရဲ့ တောင်းဆိုချက်ကို ပြေလည်အောင် မဆောင်ရွက်ပေးပဲ အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းခဲ့တာကြောင့် ကရင်လူမျိုးတို့ဟာ နိုင်ငံရေးရည်မှန်းချက် ပြည့်ဝအောင်မြင်ဖို့အတွက် ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲကို ဆင်နွှဲခဲ့တာဖြစ်ပြီး ဒီကနေ့ဟာ ကရင့်အမျိုးသားတော်လှန်ရေးနေ့ ၇၆ နှစ် ပြည့်မြောက်ခဲ့ပြီး ဖြစ်ကြောင်း သိရပါတယ်။

The Tanintharyi Times