မြန်မာနိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော

မြန်မာနိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော

မြန်မာနိုင်ငံ၏ ၆၀ ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက Bloomberg သတင်းဌာန နဲ့ တွေဆုံမေးမြန်းခန်း အစီစဉ်တစ်ခု ပြောကြားထားပါတယ်။

ဒါ့အပြင် နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားရောက်ရှိပြီ လို့လည်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။

“ပြည်သူတွေရဲ့ ခုခံကာကွယ်ရေးစစ်ပွဲကို စတင်ခဲ့တာ ၂ နှစ်ကျော်ခဲ့ပါပြီ။ အခု တော့ PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပူးပေါင်း ဆောင် ရွက် မှုတွေက ရလဒ်ကောင်းတွေ ရနေပါတယ်။ အခု နေပြည်တော်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့ အနေအထား ရောက်နေပါပြီ” လို့ သမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

NUG သမ္မတ ဒူဝါလရှီးလရဲ့ ပြောကြားချက်အရ တော်လှန်ရေးတပ်တွေဟာ ယခုနှစ်မှာ စစ်ကောင်စီတပ် နဲ့ တိုက်ပွဲပေါင်း ထောင်ချီဖြစ်ပွားခဲ့ပြီး နောက် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ စစ်တပ်စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်နိုင်တယ်လို့ သိရပါတယ်။

စစ်တပ်ဘက်မှ ဘက်ပြောင်းလာသူ ၁၄,၀၀၀ ခန့်ကိုလည်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သမ္မတ ဒူဝါလရှီးလကဆိုပါတယ်။

“စစ်တပ်ဘက်က ကျနော်တို့နဲ့ ဆက်သွယ်လာတာတွေရှိပါတယ်။ တချို့ စစ်တပ်ထဲမှာရှိနေဆဲ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးတချို့ ဘက်ပြောင်းဖို့ ဆွေးနွေးတာတွေရှိပါတယ်” လို့ NUG သမ္မတ ကပြောပါတယ်။

NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက Bloomberg သတင်းဌာန နဲ့ တွေဆုံစဉ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထောင်တွင်းကျန်းမာရေး အခြေအနေတွေကို စစ်ကောင်စီကပွင့်လင်းမြင်သာအောင်ကိုင်တွယိ်နေခြင်းမရှိကြောင်း နဲ့ ပြန်လည်လွှတ်ပေးလို့လည်း မရှိကြောင်း ပြောကြားခဲ့ပါသေးတယ်။

The Tanintharyi Times