ဒလန်စွပ်စွဲချက်နဲ့ လောင်းလုံးPDF က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဒေသခံ ၇ ဦးရဲ့ အမှန်တရားကိုလိုချင်တယ်လို့ မိသားစုဝင်တစ်ချို့တောင်းဆို
ဒလန်စွပ်စွဲချက်နဲ့ လောင်းလုံးPDF က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဒေသခံ ၇ ဦးရဲ့ အမှန်တရားကိုလိုချင်တယ်လို့ မိသားစုဝင်တစ်ချို့တောင်းဆို
လောင်းလုံးမှာ သုံးလအတွင်း စစ်ကောင်စီသတင်းပေး ၇ ဦးကိုပစ်သတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ကြေညာချက်ထုတ်ပြန်တဲ့အပေါ် အသတ်ခံရသူတွေရဲ့ မိသားစုဝင်တစ်ချို့က ငြင်းချက်ထုတ်ပြီး အမှန်တရားကိုလိုချင်တယ်လို့ တောင်းဆိုကြပါတယ်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ သုံးလအတွင်း လက်နက်ကိုင်မဟုတ်တဲ့ အမျိုးသား၊ အမျိုးသမီး ၇ ဦးကို စစ်ကောင်စီသတင်းပေးလုပ်ကိုင်တာကြောင့် ပစ်သတ်ခဲ့တဲ့အကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို အခုလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပစ်သတ်ခံရသူတွေက ဇူလိုင်လမှာဆိုရင် အသက် ၆၄ နှစ်အရွယ် မယ်သီလရှင်တစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး၊ သြဂုတ်လမှာ အသက် ၈၀ အရွယ်အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ အခု စက်တင်ဘာလမှာ အမျိုးသားနှစ်ဦးတို့ ဖြစ်ပါတယ်။
အခုလ ၁၄ မှာ ပစ်သတ်ခံရသူတွေက ကိုနေရဲစိုးနဲ့ ကိုအောင်နိုင်ရှိန်တို့ပါ။ သူတို့က ပျူစောထီးခေါင်းဆောင် မသိန်းနုရဲ့လူယုံဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ သတင်းစုံစမ်းနေတာကြောင့် ပစ်သတ်ခဲ့တာလို့ လောင်းလုံး(ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ကိုနေရဲစိုးရဲ့ မိခင်ဖြစ်သူကတော့ သူ့ရဲ့သားဟာ မတရားစွပ်စွဲခံရတာပါဖြစ်တယ်လို့ တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“ကျမသား ဒလန်လုပ်ရင်သတ်ပါစေ၊ ဖြေသာတယ်။ အခုက လုံးဝမဟုတ်ရပါဘူးရှင်။ ကျမတို့ကိုလုပ်ကျွေးနေတာပါ။ ရက်စက်လိုက်တာ”လို့ မိခင်ဖြစ်သူက ပြောပါတယ်။
ကိုနေရဲစိုးကို စစ်ကောင်စီတပ်ဘက်က ပစ်သတ်ရင်တောင် အလောင်းကို အိမ်ရှေ့မှာထားခဲ့မှာဖြစ်ပြီး အခုတော့ အလောင်းတောင် ပြန်မရဘူးလို့ မိခင်ဖြစ်သူက ထောက်ပြကာ အမှန်တရားလိုချင်တယ်လို့ ဆိုပါတယ်။
“ကျမသားဖြစ်ပုံက ခွေးထက်ဆိုးနေပါတယ်ရှင်” လို့ ကိုနေရဲစိုးမိခင်က ပြောပါတယ်။
အသက် ၆၄ နှစ်အရွယ် မယ်သီလရှင် ဒေါ်နန္ဒစာရီနဲ့ ဆိုင်ကယ်မောင်းသူအမျိုးသား ဦးအောင်မိုး တို့ဟာလည်း လောင်းလုံးမြို့နယ်ကိုသွားရောက်ချိန် ပျောက်ဆုံးနေခဲ့လို့ မိသားစုက လိုက်လံ စုံစမ်းနေသူတွေဖြစ်ပါတယ်။ သူတို့ပျောက်ဆုံးပြီး ၂ လကျော်အကြာမှ လောင်းလုံး (ပကဖ)ရဲ့ ထုတ်ပြန်ချက်မှာ ပစ်သတ်ခံရသူတွေစာရင်းထဲ ပါဝင်လာတာကို မိသားစုဝင်တွေ တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
လောင်းလုံး (ပကဖ) ကတော့ သူတို့နှစ်ယောက်ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့သတင်းကိုလိုက်လံစုံစမ်းနေလို့ ဇူလိုင်လ ၁၆ ရက်နေ့က ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
မယ်သီလရှင် ဒေါ်နန္ဒာစာရီရဲ့ သားတပည့်ဖြစ်သူကတော့ သူ့ရဲ့မိခင်ဟာ မယ်သီလရှင်လုပ်နေတာ အနှစ်လေးဆယ်ကျော်ပြီဖြစ်ပြီး ဘာကြောင့်အခုလိုစွပ်စွဲပြီး ပစ်သတ်လဲဆိုတာကို သိချင်တယ်လို့ ဆိုပါတယ်။
“ကျနော်လုံးဝလက်မခံနိုင်ဘူး။ ကျန်းမာရေးမကောင်းတဲ့သူပါဗျာ။ သွေးတိုး၊ ဆီးချို ရောဂါပေါင်းစုံနဲ့။ သွားလာပြီးသတင်းစုံစမ်းဖို့မပြောနဲ့ ဓာတ်တိုင်တခွင်တောင် လမ်းသေချာမလျှောက်နိုင်ဘူး” လို့ သားတပည့်ဖြစ်သူက ပြောပြီးစွပ်စွဲချက်ကို ငြင်းချက်ထုတ်ပါတယ်။
ဒေါ်နန္ဒစာရီဟာ ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်မှာရှိတဲ့ သီလရှင်ဇရပ်ကဖြစ်ပြီး လောင်းလုံးမြို့နယ်၊ ကဒက်ငယ်ရွာက ဘုန်းကြီးကျောင်းကို သွားပြီးအပြန်မှာ ပစ်သတ်ခံခဲ့ရတာပါ။
နောက်ထပ်ပစ်သတ်ခံရသူတွေက အင်းဇောက်ရွာက အသက် ၈၀ ကျော်အရွယ်ဦးလှရွှေ၊ ဝေဒီရွာက မဝါဝါ၊ လောင်းလုံးမြို့ပေါ်က ကိုသက်စိုးထိုက်တို့ ဖြစ်ပြီး ကိုနေရဲစိုး၊ ကိုအောင်နိုင်ရှိန် နဲ့ မယ်သီလရှင် ဒေါ်န္ဒစာရီတို့လိုပဲ သူတို့တတွေရဲ့အလောင်းတွေကိုလည်း မိသားစုကိုပြန်ပေးတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ရဲ့ပြန်ကြားရေးတာဝန်ရှိသူကို တနင်္သာရီတိုင်းမ်က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အပေါ်မှာ အသတ်ခံရတဲ့ မိသားစုဝင်တွေက ကန့်ကွက်နေသလို တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကြားမှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောင်းလုံးမြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးက တဖက်သတ်စွပ်စွဲပြီး မျှတတဲ့စစ်ဆေးမှုတွေမရှိဘဲ ပစ်သတ်ပြီးအလောင်းဖျောက်တာဟာ လုံးဝမဖြစ်သင့်ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ တော်လှန်ရေးမှာ ဂုဏ်သိက္ခာရှိတယ်ဗျ။ အဲဒီဂုဏ်သိက္ခာကို အစိတ်အပိုင်းတစ်ခုခုကပွန်းပဲ့အောင်လုပ်ရင် တော်လှန်ရေးတစ်စုံလုံးထိခိုက်တယ်။ ပြည်သူတွေက ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုတာ သိတယ်။ အခုကပြည်သူတွေ တကယ်လည်းကြောက်နေပြီ။ ကျနော်တို့တောင် ကြောက်နေရတယ်ဗျ” လို့လောင်းလုံးမြို့ခံ တက်ကြွလှုပ်ရှားသူကပြောပါတယ်။
အဲဒီလိုဖြစ်စဥ်တွေအပေါ် လက်နက်ကိုင်အဖွဲ့အချင်းချင်းကထိန်းကျောင်းတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ထိရောက်တဲ့အရေးယူမှုလုပ်ဖို့လိုတယ်လို့လည်း သူကထောက်ပြပါတယ်။
လောင်းလုံးမြို့နယ်ထဲကတော်လှန်ရေး ရဲဘော်တစ်ဦးကတော့ “ဒီကိစ္စအပေါ်မှာလည်းပြည်သူတွေကြားမှာဝေဖန်သံတွေကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာတယ်။ လောင်းလုံး ပကဖ တစ်ခုလုံးအနေနဲ့တော်လှန်ရေးတလျှောက်လုံး ဂုဏ်သိက္ခာရှိရှိရပ်တည်လာခဲ့တာတွေ အခုလိုကိစ္စတွေကြောင့် သဲထဲရေသွန်ဖြစ်ရတယ်” လို့ ပြောပါတယ်။
အခုလ ၁၆ ရက်နေ့ကလည်း ဝေဒီရွာက ကိုနိုင်အောင်ဆိုသူကို အမည်မသိအဖွဲ့က ဖမ်းဆီးပြီးနောက် မိသားစုက သတင်းအစအနမရဘဲ ပျောက်ဆုံးနေတာ ရှိပါတယ်။ ဒါ့အပြင် အခုလ ၂၅ ရက်နေ့ကလည်း ကျောက်နီမော်ရွာက ရေခဲလုံးရောင်းတဲ့ ဦးသံခဲဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ထပ်မံဖမ်းဆီးခဲ့တာလည်း ရှိပါသေးတယ်။
ဒီဖမ်းဆီးခံရတာတွေရဲ့နောက်ဆက်တွဲအခြေအနေကို မသိရသေးသလို ဒီဖမ်းဆီးမှုတွေကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်လို့ထုတ်ပြန်ထားတာမျိုးလည်း မရှိသေးပါဘူး။
တနင်္သာရီတိုင်းမှာ အခုနှစ်ဝက်အတွင်း စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ပစ်ခတ်မှုကြောင့် လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေ လတိုင်း ၁၀ ဦးထက်မနည်းသေဆုံးနေပါတယ်။
The Tanintharyi Times
