ရွေးကောက်ပွဲပြင်နေတဲ့ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ကြဖို့ တော်လှန်ရေးအင်အားစုတွေကို TNLAတောင်းဆို
ရွေးကောက်ပွဲပြင်နေတဲ့ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ကြဖို့ တော်လှန်ရေးအင်အားစုတွေကို TNLAတောင်းဆို

အတုအယောင်ရွေးကောက်ပွဲပြုလုပ်ပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီကို တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်အာဏာရှင်တွေရဲ့ ကျဆုံးလုနီးပါးဖြစ်နေတဲ့ အခြေအနေကောင်းကို အသုံးချပြီး အရင်ကထက် မဟာဗျူဟာမြောက်တဲ့ တော်လှန်ရေးလုပ်ငန်းစီမံချက်တွေနဲ့ စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ကြဖို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကို တောင်းဆိုတယ်လို့ PSLF/TNLAက ဆိုပါတယ်။
အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ တိုင်းပြည်တဝှမ်းက ပြည်သူလူထုတွေရဲ့ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေ စစ်ပွဲမှာ ကျဆုံးပြီး ယိုယွင်းပျက်စီးချိနဲ့နေတဲ့ မြန်မာ့တပ်မတော်အဖြစ်ကို ရောက်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီလိုအခြေအနေကို အသုံးချပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေ တော်လှန်ရေးစီမံချက်ချပြီး စစ်ကောင်စီကို စုပေါင်းတိုက်ခိုက်ကြဖို့ PSLF/TNLAက တောင်းဆိုထားတာ တွေ့ရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေလို့ ဒါတွေကိုရပ်တန့်စေဖို့အတွက် နိုင်ငံတကာက ကူညီဆောင်ရွက်ပေးဖို့ကိုလည်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းတောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံ မြို့ရွာဒေသအသီးသီးက လူနေအိမ်၊ စာသင်ကျောင်း၊ စျေး၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဟိုတည်၊ တည်းခိုခန်း၊ အလုပ်ရုံစတဲ့ ပြည်သူလူထုနေထိုင်သွားလာလှုပ်ရှားရာနေရာတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်လို့ PSLF/TNLAက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လနဲ့ ယခုဇူလိုင်ကာလအတွင်း မြန်မာစစ်အုပ်စုက TNLAထိန်းချုပ်ရာ နောင်ချို၊ ကျောက်မဲ၊သီပေါ၊ ကွတ်ခိုင်၊မိုင်းလုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်မြို့တွေက အရပ်သားနေထိုင်ရာနေရာတွေကိုဦးတည်ပြီး တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အင်အားပြင်းဗုံးတွေ နေ့စဉ်ရက်ဆက် ကြဲချနေတယ်လို့ ဆိုပါတယ်။
အခုလို အရပ်သားပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တဲ့လုပ်ရပ်တွေကို PSLF/TNLAက အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်းဆိုထားပါတယ်။
ပြည်သူလူထုကို ရန်သူသဖွယ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတဲ့အန္တရာယ်ကနေ လွတ်ကင်းဖို့အတွက် တော်လှန်ရေးသတိနဲ့ လိုအပ်တဲ့ ဗုံးခိုကျင်းအစီအမံတွေ ပြုလုပ်ပြီးနေထိုင်သွားလာကြဖို့ကို တအာင်းဒေသအပါအဝင် နိုင်ငံတဝှမ်းက ပြည်သူတွေကို တိုက်တွန်းနှိုးဆော်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Connect Burma
The Tanintharyi Times