တောင်ပျောက်တိုက်နယ်က စစ်ရှောင်တွေ ဝမ်းရောဂါနဲ့ ငှက်ဖျား အဖြစ်များနေ

တောင်ပျောက်တိုက်နယ်က စစ်ရှောင်တွေ ဝမ်းရောဂါနဲ့ ငှက်ဖျား အဖြစ်များနေ

စစ်ရှောင် ၆၀၀၀ ကျော်ရှိနေတဲ့ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲက စစ်ရှောင်စခန်းမှာ ဝမ်းရောဂါ၊ ငှက်ဖျား နဲ့ တုပ်ကွေး ဖြစ်တာတွေ အရမ်းများနေတယ်လို့ တိုက်နယ်အတွင်း တာဝန်ယူထားတဲ့ ဆေးနဲ့ ရိက္ခာတာဝန်ခံ ဆီက သိရပါတယ်။

” အခုဆို ကျန်းမာရေးအခြေအနေကလည်း ပိုဆိုးလာတယ်။ ငှက်ဖျားရောဂါက ကူးလွယ်တော့ ငှက်ဖျားတွေ အရမ်းဖြစ်ကြတယ် ” လို့ ဆေးနဲ့ရိက္ခာ တာဝန်ခံက ပြောပါတယ်။

ဒါကြောင့် ဆေးဝါး၊ ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ တာဝန်ခံက အသိပေးပါတယ်။

အခုလက်ရှိမှာ ရိက္ခာ သယ်ယူဖို့အတွက် လမ်းကြောင်းရှာနေရဆဲဖြစ်ပြီး အလှူခံရတာလည်း ခက်ခဲလာတယ်လို့ဆိုပါတယ်။ ဆန်ကိုတော့ တစ်အိတ်ရရင် တစ်အိတ်ခိုးပြီး သယ်ယူနေရတဲ့အခြေအနေ ရှိနေတယ်လို့ သူက ရှင်းပြပါတယ်။

ရိက္ခာ အခြေအနေ လုံးဝ အဆင်မပြေတော့တဲ့ နေ့တွေမှာ စစ်ရှောင်အားလုံး ဆန်ပြုတ်သောက်ပြီး ကျော်ဖြတ်ခဲ့ရတဲ့ နေ့တွေလည်းရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

” အားလုံးအာဏာရှင်တိုက်​နေကြရ​​တော့ ကျွန်တော်တို့အားလုံးဗိုက်ပြည့်ရင်တူတူ၊ ငတ်ရင်လည်း တူတူ​ပေါ့ဗျာ ” လို့ တာဝန်ခံ က ပြောပါတယ်။

အခုလိုမိိုးရာသီမှာဆိုရင် အရေးကြုံရင်ကြုံသလိုပြေးရတဲ့အခါမျိုးမှာ နောက်တစ်နေရာမှာ စခန်းချနေထိုင်ဖို့အတွက် တာလပတ်စတွေလည်း လိုအပ်နေဆဲဖြစ်ပြီး လက်ရှိ စစ်ရှောင်ဘဝနဲ့ နေထိုင်ရင်း ဒုက္ခတွေ မခံနိုင်တော့လို့ တစ်ခြားနိုင်ငံထွက်ပြေးတဲ့သူ (၅၀၀) လောက်ရှိပြီလို့ ဆိုပါတယ်။

စစ်ရှောင်စခန်းက ဆယ်ကျော်သက် သမီးငယ်လေးတစ်ဦးကတော့ ဒီလထဲမှာ ငှက်ပျောသီးနုနုတွေကို မီးကင်ပြီးတော့ လုလုယက်ယက် စားရတဲ့နေ့တွေတောင်ရှိခဲ့တယ်လို့ ပြောပြပါတယ်။

တိုက်နယ်အတွင်း စစ်ရေးအခြေအနေ ခဏငြိမ်နေလို့ စစ်ရှောင်တွေက အိမ်ပြန်ဖို့ တာစူနေကြပေမဲ့ တာဝန်ရှိတဲ့သူတွေကတော့ လကုန်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်ဗျူဟာ ပြန်ခင်းထားတဲ့ အခြေအနေတွေရှိတယ်လို့ ​ စစ်ရှောင်တွေကို အိမ်ပြန်ခွင့်မပေးသေးဘူးလို့သိရပါတယ်။

The Tanintharyi Times