မြိတ်-ထားဝယ် ခရီးသည်တင်ကားတွေ ပုလောမှာ အချိန်၆ နာရီကြာ ပိတ်မိခဲ့

မြိတ်-ထားဝယ် ခရီးသည်တင်ကားတွေ ပုလောမှာ အချိန်၆ နာရီကြာ ပိတ်မိခဲ့

Photo- ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက မြိတ်-ထားဝယ်ကားလမ်းပိတ်ထားတာကြောင့် ခရီးသွားယာဉ်တွေ စောင့်ဆိုင်းနေခဲ့ရတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တွေ ရုတ်တရုက် ပိတ်လိုက်တာကြောင့် မြိတ်-ထားဝယ် ခရီးသည်တင်ကားတွေ အချိန် ၆ နာရီကြာပိတ်မိခဲ့တယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ပုလောမြို့ မကျည်းကုန်းဂိတ်၊ ပလမြို့ ရဲစခန်းအနီးက ဂိတ်နဲ့ မြိတ်မြို့နယ်ရှိ သမုတ်ကျေးရွာအုပ်စုက သမုတ်ဂိတ်တွေကို ဒီကနေ့မနက် ၉ နာရီကနေ နေ့လည် ၂ နာရီခွဲ‌လောက်အထိ စစ်ကောင်စီတပ်က ပိတ်ချခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ထားဝယ်ဘက်ကနေ မြိတ်မြို့ဘက်ကို ဆင်းတဲ့ ခရီးသည်တင်ကားတွေနဲ့ မြိတ်မြို့ဘက်ကနေ ထားဝယ်ဘက်ကို တက်လာတဲ့ ခရီးသည်တင်ကားတွေ လမ်းမှာ ပိတ်မိပြီးအချိန်ကြန့်ကြာတာတွေ ဖြစ်ခဲ့ရပါတယ်။

ခရီးသွားတစ်ဦးက ” မသွားမနေရမို့လို့သာ သွားရတာပါ။ ဖြစ်နိုင်ရင် ဒီလိုခြေနေမှာ ဘယ်မှမသွားချင်ဘူး။ အခုလည်း အရေးပေါ်ကိစ္စက အချိန်မမှီတော့ပြန်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေးဂိတ်တွေကို ပိတ်ချခဲ့တာဟာ ကဒဲရွာဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဂိတ်ချပြီး စစ်ဆေးနေတာကြောင့် ဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက ” တော်လှန်ရေးသမားတွေဆီ ဆန်၊ ရေ၊ ရိက္ခာတွေ မရောက်အောင် ပိတ်တာဖြစ်မယ်ထင်ပါတယ်” လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

စစ်ဆေးရေးဂိတ်‌တွေပိတ်ထားတဲ့ အချိန်အတွင်း ပလရဲစခန်းကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တယ်လို့ ထင်ရတဲ့နေရာကို လက်နက်ကြီးနဲ့ အချက်ရေမနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

ကားတွေ တန်းစီးပြီး ပိတ်မိနေချိန် နှစ်နာရီလောက်အကြာမှာပဲ လက်နက်ကြီးပစ်ခတ်သံ အလုံး၂၀ လောက် အထိကြားခဲ့ရကြောင်း ပ‌လဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် ထိိခိုက်၊ ပျက်စီးမှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ပုလောမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်ဘက်က နေရာအပြောင်းအရွှေ့တွေပြုလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ မလိုအပ်ပဲ ခရီးသွားလာခြင်းမပြုဖို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အသီးသီးက မေတ္တာရပ်ခံထားပါတယ်။

The Tanintharyi Times