အခုလအတွင်း တနင်္သာရီမှာ စစ်တပ်ကလေယာဉ်ဗုံးကြဲလို့ အရပ်သား ၂ ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရ

အခုလအတွင်း တနင်္သာရီမှာ စစ်တပ်ကလေယာဉ်ဗုံးကြဲလို့ အရပ်သား ၂ ဦးသေဆုံး၊ ၁၇ ဦးဒဏ်ရာရ

ပုံစာ - စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ လောင်းလုံးမြို့နယ်၊ လက်ခတ်တောင် ဘုန်းကြီးကျောင်း။ ဓာတ်ပုံ - နွေဦးဆုံမှတ် (လောင်းလုံး)

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မတ်လအတွင်း တနင်္သာရီတိုင်းမှာ အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေတပ်ဟာ တနင်္သာရီတိုင်းအတွင်းက တနင်္သာရီ၊ ဘုတ်ပြင်း၊ လောင်းလုံး၊ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေကို တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၄ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တာပါ။

ဒါဟာ စစ်တပ်က တနင်္သာရီတိုင်းကို လေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ချိန် ပြီးခဲ့တဲ့နှစ်ကစလို့ အခုချိန်အထိ တစ်နှစ်ကျော်ကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ဆောင်ခဲ့တဲ့ လလည်း ဖြစ်ပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအများဆုံးလုပ်ဆောင်ခဲ့တာကတော့ တနင်္သာရီမြို့နယ်ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုပေါင်း ၂၉ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တာပါ။

“ ငလျင်လှုပ်နေတဲ့အချိန်ဝန်းကျင်မှာပဲ ချောင်းလမုဘက်ကို ဗုံးထပ်လာကြဲတယ်။ အခုကျနော်တို့ စစ်ရှောင်တွေဆို တိုက်ပွဲကြောင့်ရော၊ လေကြောင်းကြောင့်ပါ အထပ်ထပ်စစ်ရှောင်နေရတာ လေးနေရာလောက်ဖြစ်နေပြီဗျ” လို့ သိန်ခွန်းရွာ စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။

စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာ သုံးလကျော်ကြာလာပြီဖြစ်တဲ့ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုနဲ့ အနီးနားကရွာဖြစ်တဲ့ ခေါင်းလမုရွာကို အဓိပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေတာဖြစ်ပါတယ်။ တကူကျေးရွာအုပ်စုကိုတော့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့ပါတယ်။

အခုလ ၂၄ ရက်‌နေ့ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာက ဆီးအုန်းကုမ္မဏီတစ်ခုရဲ့ ဥယျာဥ်ခြံအတွင်းကို ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဆီအုန်းခြံလုပ်သားတွေရဲ့ အဆောင်တွေပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ဆီအုန်းခြံလုပ်သား ၂ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မတ်လ ၃ ရက်နေ့ တကူ ကော်တောရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ချိန်ကလည်း ဒေသခံအမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တနင်္သာရီမြို့နယ်အပြင် ဘုတ်ပြင်း၊ လောင်းလုံး၊ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တိုက်ပွဲနဲ့ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ အညာဖျားရွာတိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုတ်ပြင်းနဲ့ သရက်ချောင်းမြို့နယ်တွေကိုတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။

အခုလ ၁၃ ရက်နေ့က လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာနဲ့ လက်ခတ်တောင်တွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်က လေကြောင်းပစ်ကူပေးခဲ့ပါတယ်။ အဲ့ဒီနေ့က လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ဖွဲ့တွေဆီက သိရပါတယ်။

အခုလ ၇ ရက်နေ့ကလည်း ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ အညာဖျားရွာကို စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။ ၇ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ အညာဖျားရွာဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ခဲချောင်းရွာနဲ့ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ရွာတွေကိုတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ခဲချောင်းရွာက ဒေသခံ ၂ ဦးနဲ့ ဝင်းကဖော်ရွာက ဒေသခံ ၃ ဦးတို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမ်သတင်းဌာနကနေ ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်ဟာ ၂၀၂၅ ခုနှစ် ပထမသုံးလတာအတွင်း တနင်္သာရီတိုင်းကို လေကြောင်းတိုက်ခိုက်မှုကြိမ်ရေ ၈၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

The Tanintharyi Times