တော်လှန်ရေးမှာပါဝင်နေသူတွေ နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေရဲ့ မိသားစုနဲ့ အိမ်နီးချင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားစစ်ဆေးလာ
တော်လှန်ရေးမှာပါဝင်နေသူတွေ နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေရဲ့ မိသားစုနဲ့ အိမ်နီးချင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားစစ်ဆေးလာ

ထားဝယ်မြို့မှာ ဖမ်းဝရမ်းထုတ်ခံထားရသူတွေနဲ့ တော်လှန်ရေးမှာပါဝင်နေသူတွေရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေက တော်လှန်ရေးမှာပါဝင်တယ်ဆိုပြီး ဖမ်းဝရမ်းအထုတ်ခံထားရသူတွေနဲ့ ပြည်သူကာကွယ်ရေးမှာပါဝင်နေသူတွေရဲ့ နာမည်၊ လိပ်စာ၊ ရှာဖွေမယ့်အကြောင်းအရာပါတဲ့ စာရွက်တွေနဲ့တကွ ညဘက်တွေမှာ လိုက်လံစစ်ဆေးနေတာပါ။
ထားဝယ်မြို့ပေါ်က ကြက်စားပြင်၊ ဘုမ္မော်၊ ဒေါင်းငူ၊ ကျောက်မော်၊ ဗျောတောဝရပ်ကွက်တွေနဲ့ သပြေချောင်းကျေးရွာတွေမှာ အခုလလယ်လောက်စလို့ အခုလိုလုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ဘုမ္မော်ထဲမှာတော်တော်စစ်တယ်။ ချိတ်ပိတ်ထားတာတွေ၊ သူတို့ဝရမ်းထုတ်ထားတဲ့သူတွေရဲ့အိမ်တွေ ပြန်ဝင်ရှာတယ်။ အိမ်နီးချင်း နှစ်အိမ်သုံးအိမ်အထိစစ်တယ်။ ဖုန်းတွေပါအကုန်ရှာတယ်” လို့ ဘုမ္မော်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့ ညွှန်ကြားစာတွေမှာ နေအိမ်မှာပြန်လည်ခိုအောင်းနိုင်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့လည်း ဆက်သွယ်နိုင်တာကြောင့် ညဘက်စစ်ဆေးဖို့ လျို့ဝှက်ညွှန်ကြားထားတာကို တွေ့ရပါတယ်။
အခုတစ်ပတ်အတွင်းမှာတော့ ကြက်စားပြင်ရပ်ကွက်နဲ့ ဘုမ္မော်ရပ်ကွက်တွေမှာ အင်အားအများအပြားနဲ့ အခုလိုစစ်ဆေးခဲ့ပြီး ကြက်စားပြင်ရပ်ကွက်ထဲက နေအိမ်တချို့ကိုတံခါးဖျက်ဝင်ပြီး အိမ်ထဲကပစ္စည်းတွေကိုယူဆောင်သွားတယ်လို့ ရပ်ကွက်နေသူတွေက ဆိုပါတယ်။
“ကြက်စားပြင်က ဆရာမအိမ်မှာကိုဝင်မွှေသွားသေးတယ်။ ပစ္စည်းတွေလည်းယူတယ်ကြားတယ်” လို့ ကြက်စားပြင်ရပ်ကွက်မှာ နေထိုင်သူကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်မြို့ပေါ်မှာ ညပိုင်းတွေမှာ ယာဥ်တန်းနဲ့ လှည့်လည်စစ်ဆေးနေပြီး လမ်းမှာတွေ့တဲ့သူတွေကို တားဆီးစစ်ဆေးတာ၊ သေနတ်နဲ့ခြောက်လှန့်ပစ်ခတ်သံတွေလည်း ပြုလုပ်နေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်လယ်ပိုင်းလောက်ကစလို့ အဝေးပြေးကားကွင်းတစ်ဝိုက်နဲ့ မြို့သစ်ရပ်ကွက်တွေမှာလည်း လိုင်းခန်းတွေကို ဝင်ရောက်ဖမ်းဆီးပြီး ဧည့်စာရင်းအကြောင်းပြချက်နဲ့ လူဆယ်နဲ့ချီဖမ်းဆီးပြီး ငွေညှစ်တာတွေတာတွေကို မကြာခဏ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
The Tanintharyi Times