ထားဝယ်မြို့၊ စောမိညိုလမ်းက အိမ်တွေကို စစ်ကောင်စီတပ်သားတွေ မွှေနှောက်ရှာဖွေ

ထားဝယ်မြို့၊ စောမိညိုလမ်းက အိမ်တွေကို စစ်ကောင်စီတပ်သားတွေ မွှေနှောက်ရှာဖွေ

ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းထဲက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေယူဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ထားဝယ်မြို့ရဲ့တောင်ဘက်ခြမ်းက ရထားလမ်းတလျှောက်ကို အခုမနက်မှာ နယ်မြေရှင်းလင်းတဲ့ပုံစံနဲ့ ခြေလျင်စစ်ကြောင်းထိုးခဲ့ပြီးနောက် စောမိညိုလမ်းအတိုင်းပြန်ထွက်လာပြီး လမ်းတလျှောက်ကနေအိမ်အများအပြားကိုမွှေနှောက်ခဲ့တာပါ။

“အလုပ်သွားနေကြတဲ့သူတွေနဲ့ဆိုတော့ အိမ်တံခါးပိတ်ထားတာတွေရှိတယ်။ အဲဒါကိုကန်ဖွင့်ပြီး ပစ္စည်းတွေယူတာ” လို့အနီးအနားရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။

လူရှိတဲ့အိမ်တွေကိုတော့ အိမ်အပြင်ခေါ်ထုတ်ပြီးလက်ကိုင်ဖုန်းတွေကို စစ်ဆေးတာနဲ့ လမ်းထဲကိုသူစိမ်းတွေလာတာရှိမရှိ မေးမြန်းတာတွေလုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။

နေအိမ်တွေကို အခုမမနက် ၉ နာရီခွဲလောက်ကစလို့ မွှေနှောက်နေတာဖြစ်ပြီး မွန်းလွဲ ၁ နာရီခွဲလောက်မှာတော့ လမ်းထဲကနေပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မနက်စောစောပိုင်းကတည်းက ကြက်စားပြင်ရပ်ကွက်က ရထားဘူတာဘက်ကို ကား ၆ စီး၊ ကျန်းမာရေးလမ်းပေါ်ကို ကား၂ စီးနဲ့ရောက်လာခဲ့တာဖြစ်ပြီး စုစုပေါင်းအင်အား ၆၀ ကျော်လောက်ရှိတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့တဆင့်ခံပြောပြချက်အရ သိရပါတယ်။

စောမိညိုလမ်းထဲက အိမ်တွေကို ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလနောက်ဆုံးပတ်ကလည်း စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေညဘက်ဝင်လာပြီး အခုလိုမွှေနှောက်ခဲ့ဖူးပါတယ်။ အဲဒီအချိန်ကတော့ နေအိမ် အဆောင် ၄၀ ကျော်ကိုဝင်မွှေပြီး လက်ကိုင်ဖုန်းအများအပြားနဲ့ ငွေကျပ်သိန်းရာဂဏန်းလောက်ကို ယူဆောင်သွားခဲ့တာပါ။

စောမိညိုလမ်းဆုံတစ်ဝိုက်မှာ ပြီးခဲ့တဲ့လကုန်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး နှစ်ရက်ခန့်အကြာမှာတော့ စောမိညိုလမ်းဆုံတဝိုက်ကို လမ်းမီးတိုင်တွေကို လာရောက်တပ်ဆင်ခဲ့သလို ရထားလမ်းတလျှောက်က ခြုံတွေ‌ကိုလည်း ကနိုင်းဒါနဲ့အနီးအနာရွာတွေက ဒေသခံတွေကိုအတင်းအကြပ်ခေါ်ယူရှင်းလင်းခိုင်းခဲ့ပါတယ်။

အခုလအတွင်း စောမိညိုလမ်းအပြင် ကြက်စားပြင်နဲ့ ဘုမ္မော်ရပ်ကွက်တွေကို စစ်ကောင်စီတပ်သားတွေက တခြားမြို့ပေါ်ရပ်ကွက်တွေထက်ပိုမိုပြီး ကင်းလှည့်တာ အစစ်ဆေးတင်းကြပ်တာတွေလုပ်ဆောင်နေပါတယ်။

The Tanintharyi Times