တနင်္သာရီ၊ တကူတိုက်နယ်က ကားတွေထွက်ခွင့်မရတာ တစ်ပတ်ရှိပြီ

တနင်္သာရီ၊ တကူတိုက်နယ်က ကားတွေထွက်ခွင့်မရတာ တစ်ပတ်ရှိပြီ

တနင်္သာရီမြို့နယ်ထဲမှာရှိတဲ့ တကူတိုက်နယ်က နေ မြိတ်မြို့ကိုသွားတဲ့ ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေ ပြေးဆွဲခွင့်မရတာ တစ်ပတ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

တကူတိုက်နယ်ကနေ မြိတ်မြို့ကိုသွားတဲ့ ခရီးသည်တင်ကားပေါ်မှာ အခုလ ၂၁ ရက်က လက်လုပ်မိုင်းတွေ့တယ်ဆိုပြီး ကားအဝင်အထွက်တားမြစ်ထားတာလို့ ဒေသခံတွေက ပြောပြပါတယ်။

အခုလို ကားပြေးဆွဲခွင့် ရပ်နားတာက မိုင်းတွေ့တဲ့နေ့က အဝင်၊ အထွက် လုပ်တဲ့ကားတွေကို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ၄ ရက်ထွက်ခွင့်ပိတ်တယ်၊ တစ်ပတ်ထွက်ခွင့် ပိတ်တယ် စသဖြင့် နှုတ်အမိန့်နဲ့ ပြောဆိုခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ခရီးသည်တင်ကားပေါ်မှာ မိုင်းတွေ့တဲ့ဂယက်ကြောင့် ပုံမှန်ထက်စစ်မေး၊ ဖမ်းဆီးခံရမှာကိုတွေးပူပြီး ကားမထွက်ကြတာလို့ ကားသမားတွေနဲ့နီးစပ်သူတွေ၊ ဒေသခံတွေက ပြောပါတယ်။

“(စစ်ကောင်စီဘက်က)စာတော့လုံးဝမထုတ်ဘူး။ ကားမထွက်ဖို့ ကားသမားတစ်ယောက်နဲ့တစ်ယောက်ပြောကိုတဲ့ ရက်လည်းမတူဘူး။” လို့ တိုက်နယ်ကကားသမားတွေနဲ့နီးစပ်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

တကူတိုက်နယ်ဘက်ကနေ မြိတ်ကို နေ့စဉ်ပြေးဆွဲနေတဲ့ကားအရေအတွက်ဟာ ခရီးသည် တင်ကား မီနီဘတ်စ် ငါးစီးလောက်ရှိပြီး ကုန်တင်ကားက ၁၀ စီးဝန်းကျင်ရှိတယ်လို့ ကားသမားနဲ့နီးစပ်သူဆီက သိရပါတယ်။

တနင်္သာရီမြို့နယ်အတွက် စားသောက်ကုန်နဲ့ကုန်စည်တွေကို မြိတ်ကနေ အဓိကသယ်ယူတာပါ။ မြို့နယ်ထဲမှာ ရှိတဲ့ တကူတိုက် နယ်ဟာလည်း မြိတ် – ကော့သောင်းလမ်းမကြီးနဲ့ အလှမ်းဝေးပြီး တိုက်နယ်ထဲဝင်ဖို့ စစ်ကောင်စီစစ်ဆေးရေးဂိတ်အသီးသီးကို ဖြတ်ကျော်ရတဲ့ ဒေသဖြစ်ပါတယ်။

တကူတိုက်နယ်ဘက်က ကားတွေရပ်နားထားတာ လဝက်ထက်ကျော်လာရင်တော့ တကူ၊ သာရဘွင်၊ သိန္ဓော၊ ကော့မပြင်း စတဲ့ ကျေးရွာအုပ်စုတွေက ဒေသခံတွေစားသောက်ကုန်ပြတ်လပ်လာပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တွေ ခံလာရနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။

“ကျမတို့ဘက်မှာက ဘယ်ချိန်ပြေးရမယ်မှန်းမသိလို့ ကြိုပြင်ထားတာတွေရှိတယ်။ အခုအဲဒါတွေ အားကိုးနေရတာပေါ့။ ဒါတွေကုန်လို့ ထပ်ဝယ်ရမယ်ဆိုရင်တော့ ဈေးကြီးပေးပြီးဝယ်ရတော့မယ်ထင်တယ်။” လို့ တကူဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အခုနှစ် မေလကစပြီး တကူတိုက်နယ်ဘက်ကိုသွားလို့ရတဲ့ လမ်းကြောင်းမှန်သမျှကို ပိတ်ဆို့ခဲ့တဲ့အပြင် ဆန်သယ်ယူခွင့် ကိုလည်း ဖြတ်တောက်ခဲ့လို့ ဆန်ဈေးတွေ မြင့်တက်ခဲ့ဖူးပါတယ်။ အခုလည်း ကားတွေထွက် ခွင့်မရတာကြောင့် ကုန်ဈေးနှုန်းတွေ ထပ်တက်လာမှာကို စိုးရိမ်နေရတယ်လို့ အဆိုပါအမျိုးသမီးက ဆက်ပြောပါတယ်။

ကားပေါ်မှာ တွေ့ရှိခဲ့တဲ့ လက်လုပ်မိုင်း‌နဲ့ ပတ်သက်ပြီး ယာဉ်မောင်းနဲ့ သူ့ရဲ့ဇနီးဖြစ်သူအပါအဝင် ပစ္စည်းထုပ် လက်ခံသူကိုမတွေ့လို့ ပစ္စည်းလက်ခံသူရဲ့တူဖြစ်သူတို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ ယာဉ်မောင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဒါ့အပြင် မိုင်းတွေ့ရှိခဲ့တဲ့ ခရီးသည်တင်မီနီဘတ်စ်ကိုလည်း စစ်ကောင်စီက သိမ်းဆည်းခဲ့ပြီး နောက်ဆက်တွဲအခြေ‌အနေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုအားကောင်းတဲ့ တကူတိုက်နယ်ဘက်ကိုအသွားအလာလုပ်တဲ့ ပြည်သူတွေ၊ ပရဟိတအဖွဲ့ဝင်တွေ၊ ကားသမားတွေကို စစ်ဆေးရေးဂိတ်တွေမှာ ပုံမှန်ထက် ပိုစစ်ဆေးလေ့ရှိပြီး မသင်္ကာရင် မသင်္ကာသလိုဖမ်းဆီးတာတွေလုပ်ဆောင်လေ့ရှိပါတယ်။

The Tanintharyi Times