ထားဝယ်မြို့ပေါ်မှာ ထားဝယ်ဒေသခံလူငယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေများလာ
ထားဝယ်မြို့ပေါ်မှာ ထားဝယ်ဒေသခံလူငယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေများလာ

ထားဝယ်မြို့ပေါ်မှာ ကင်းလှည့်တာနဲ့ စစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုဟာ လူငယ်ပိုင်းအရွယ် ထားဝယ်သားတွေဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အရင်က တခြားဒေသခံစစ်ကောင်စီတပ်သားတွေသာရှိတဲ့ ထားဝယ်မြို့ပေါ်မှာ လွန်ခဲ့တဲ့နှစ်လလောက်ကစလို့ ထားဝယ်စကားပြောတဲ့လူငယ် စစ်ကောင်စီတပ်သားတွေကို အများအပြားတွေ့လာရတယ်လို့ ဆိုပါတယ်။
အခုလပိုင်းအတွင်း မြို့ပေါ်မှာ သွားလာနေရင်း နှစ်ကြိမ်အထိ စစ်ဆေးခံရတဲ့ မြို့ခံအမျိုးသမီးတစ်ဦးကတော့ သူစစ်ဆေးခံရတဲ့ နှစ်ကြိမ်စလုံးကို ထားဝယ်သား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
“အသက်တွေက ငယ်ငယ်လေးတွေချည်းပဲ၊ ဆယ့်ရှစ် ဆယ့်ကိုးအရွယ်လေးတွေ။ တချို့ဆိုဒီထက်တောင်ငယ်ဦးမယ်။ လေသံကတော့ မာသလားမမေးနဲ့၊ ဘယ်သွားမှာလဲ ဘာကိစ္စလဲဆိုပြီး အသေးစိတ်ကိုမေးတာ။ နယ်ခံစစ်သားဆိုတော့ လိမ်လို့မရဘူး” လို့ စစ်ဆေးခံရတဲ့ အမျိုးသမီးကပြောပါတယ်။
အခုရက်ပိုင်း ဆန်းချီလမ်းဆုံအနီးမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သား ၆ ဦးခန့်ဟာလည်း အချင်းချင်းထားဝယ်စကားကိုပဲ ပြောဆိုနေကြတာကိုကြားရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အဲဒီ ထားဝယ်သားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘက်တံဆိပ်ပါတဲ့ ယူနီဖောင်းတွေ၊ ကျည်ကာဦးထုပ်တွေကို အပြည့်အစုံဝတ်ဆင်ထားပြီး၊ တချို့ကတော့ လည်ပတ်အနီတွေကို ပါတပ်ဆင်ထားတယ်လို့ မျက်မြင်တွေ့ရတဲ့ မြို့ခံတွေက ဆိုပါတယ်။
သူတို့ဟာ စစ်မှုထမ်းသင်တန်းဆင်းထားတဲ့ စစ်ကောင်စီတပ်သားတွေလား ပျူစောထီးအဖွဲ့ဝင်တွေလားဆိုတာကိုတော့ တိတိကျကျမသိရပါဘူး။
ထားဝယ်စကားပြောပြီး ဒေသအခြေအနေကိုပိုသိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ များလာတာဟာ အရင်ကထက်ပိုစိုးရိမ်စရာကောင်းတယ်လို့ ထားဝယ်မြို့ခံတွေကတော့ ပြောပါတယ်။
“အရင်က ထားဝယ်စကားပြောတဲ့ စစ်သားကရှိမှမရှိတာ။ အခုဆိုအကုန်ရောသွားပြီ။ လူတွေကြားထဲရောနေရင် အကုန်သတိထားရတော့မှာ” လို့ ထားဝယ်မြို့ခံ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးကပြောပါတယ်။
ထားဝယ်မြို့ပေါ်မှာရှိတဲ့ ပြည်သူ့စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့သူ အများစုကတော့ လူငယ်ပိုင်းအရွယ်တွေ မဟုတ်ဘဲ အသက်လတ်ပိုင်းနဲ့ အသက်ကြီးပိုင်းအရွယ်တွေပဲဖြစ်တယ်လို့ မြို့ခံတွေက ပြောပြပါတယ်။
စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့ဝင်ဂိတ်တွေမှာ စစ်ဆေးရေးဂိတ်တွေချပြီး အစစ်အဆေးတင်းကြပ်ထားသလို ထားဝယ်မြို့ပေါ်က ဗဟိုလမ်းဆုံအနီး၊ မောလဲဘုရားအဝင်လမ်း၊ ရွှေဂူကျောင်းအနီး၊ မြို့သစ် ၂ လမ်းထိပ်၊ မီးသုံးလုံးလမ်းဆုံ၊ ဥတ္တံတားကြီးလမ်းဆုံတစ်ဝိုက်တို့မှာ နေ့တိုင်းနီးပါးစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
ညပိုင်းတွေမှာလည်း စစ်ကောင်စီကားငါးစီးလောက်နဲ့ ထားဝယ်မြို့ပေါ်က လမ်းမကြီးနဲ့ လမ်းသွယ်တွေမှာ ပုံမှန်ကင်းလှည့်တာတွေလုပ်ဆောင်နေပြီး ဧည့်စာရင်းအကြောင်းပြပြီး ရှောင်တခင်ဝင်ရောက် စစ်ဆေးတာတွေလည်း ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
The Tanintharyi Times