ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က စစ်ကောင်စီစခန်းကို မွန်၊တနင်္သာရီပူးပေါင်းအဖွဲ့ ဗုံးကြဲတိုက်ခိုက်

ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က စစ်ကောင်စီစခန်းကို မွန်၊တနင်္သာရီပူးပေါင်းအဖွဲ့ ဗုံးကြဲတိုက်ခိုက်

ဓာတ်ပုံ - ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(ပုံဟောင်း)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အခြေစိုက် ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က စစ်ကောင်စီတပ်စခန်းကို မွန်၊ တနင်္သာရီ ပူးပေါင်းစစ်ဆင်ရေးအဖြစ် SF-Z လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ TPLF က​နေ သိရပါတယ်။

တိုက်ခိုက်ခဲ့နေရာဟာ ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က မူဂျာထိပ်စခန်းဖြစ်ပြီး မနေ့က စခန်းပေါ်ကို ဗုံး ၆ လုံးကြဲချပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဲဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး TPLFရဲ့ တပ်ရေးအရာရှိ ကိုဝေက “ပထဝီအနေအထားအရ အရေးပါတဲ့ မွန်၊ တနင်္သာရီရဲ့မြေပြင်စစ်ဆင်မှုတွေ အခုထက်ပိုမိုထိရောက်လာစေဖို့ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်ရတာပါ။ နောက်ထပ်လည်း အခုထက်ပိုမိုပူးပေါင်းနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်” လို့တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

အခုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်ကထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ စစ်ဆင်‌ရေးကို မွန်ပြည်နယ်နဲ့ တနင်္သာရီဒေသအခြေစိုက် တော်လှန်ရေးမဟာမိတ် အင်အားစုတွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ Ye Air Force (YAF)၊ ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF (တပ်ရင်း-၁)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း (T-5)နဲ့ ကံပေါက်ဒေသကာကွယ်ရေးတပ်ဖွဲ့ (KBDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အခုလ ၁၄ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ – ၁၉၊ ခလရ – ခလရ၆၁ နဲ့အမြောက်တပ် အမတ – ၃၁၆ တို့ကို မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးမဟာမိတ်အင်အားစုတွေကပူးပေါင်းပြီး SF-Z လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

The Tanintharyi Times