မြေလွှာဖွင့်ပြီး ပြည်ဖျက်မယ့်ရန်က ဘယ်သူကာကွယ်ပေးနိုင်မလဲ
မြေလွှာဖွင့်ပြီး ပြည်ဖျက်မယ့်ရန်က ဘယ်သူကာကွယ်ပေးနိုင်မလဲ

သဘာဝပတ်ဝန်းကျင် တောတောင် ရေမြေဆိုတာ လူသားမျိုးနွယ် ဆက်လက်ရှင်သန်နိုင်ဖို့ အဓိက အထောက်အပံ့ပေးထားတဲ့ အရာ၊ လူသားတွေရဲ့ အသက်ပါပဲ။ မြတ်နိုးဖွယ် တန်ဖိုးထားဖွယ် အထွဋ်အမြတ်ထားဖွယ် တစ်ခုအနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် အရာပါ။
လေတွေက တဖြူးဖြူး တိုက်ခတ်နေတယ်။ သစ်ပင်တွေထက်က စိမ်းတမြမြ အရွက်တွေဟာ အုံ့ဆိုင်းလို့။ လမ်းဘေးတစ်ဖက်တစ်ချက် သစ်ရိပ်အောက်ကနေ ဖြတ်သန်းလာရင်းက မျက်စိအကြည်ဓါတ်ထဲ တိုးဝင်လာတဲ့ တောတောင်ရှုခင်း စိမ်းစိမ်းစိုစိုကို ငေးမောနေမိတယ်။ ဒီရှုခင်းကို အထပ်ထပ်အခါခါ မြင်နေကျပေမယ့် ဘယ်တော့မှ ရိုးမသွား။ မြင်ရလေတိုင်း နှစ်သက်မိ၊ ကြည်နူးမိမြဲ။
ကျွန်မစီးလာတဲ့ ကားရဲ့ဦးတည်ရာ မြင်ကွင်းရှေ့တည့်တည့်မှာ စိမ်းပြာတောင်တန်းကြီးက အလျားလိုက် လဲလျောင်းနေတယ်။ ဥယျာဉ်ခြံတွေကို အမှီပြုပြီး အသက်မွေးဝမ်ကြောင်း ပြုကြသူတွေရဲ့ အခြေချရာနေရာ။ ကွမ်းသီး၊ ရာဘာ အဓိက စိုက်ပျိုးကြပေမယ့် သီးထပ်သီးညှပ် အနေနဲ့ သီးပင်စားပင် မျိုးစုံက ခြံတိုင်းမှာ ပေါက်ရောက်ရှင်သန်နေကြတယ်။
ဒီဝန်းကျင်ကို ဖြတ်သန်းသွားရတိုင်း ရင်ထဲက သီချင်း တစ်ပိုင်းတစ်စဟာ နှုတ်ဖျားထက်မှာ တိုးတိုးသက်သာ ခုန်ထွက်လာကြမြဲ။ “တစ်ရောင်တည်းမခြယ်… အရောင်ဝဲလည်… တောနဲ့တောင်စွယ်… လယ်ယာတလင်း… ရှုခင်းတွေက စုံလင်ပေတယ်… ရှေးမူမပျက်တယ်.. ဆေးကူချက်ကယ်… စိမ်းမြမြ ယိမ်းကသလိုနှယ်… ပင်ပျိုပင်အိုတို့အလယ်… ရှုလေ ချစ်သော ခရီးသည်…”။ ငယ်ငယ်ကတည်းက ကြားလာရတဲ့ “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” သီချင်းလေးပေါ့။
အဲဒီသီချင်းလေး ငြီးဆိုမိရင်းက ဒီရပ်ဝန်းကို ချစ်ခင်တွယ်တာစိတ်နဲ့အတူ လူနဲ့ သဘာဝပတ်ဝန်းကျင် အဆက်အစပ် အကြောင်းကို ဆက်တွေးမိမြဲ။ လူနဲ့ သဘာဝပတ်ဝန်းကျင်ဆိုတာ ခွဲခြားထားလို့မရတဲ့ အရာ။ လူ့လိုအပ်ချက်တွေအတွက် တောတောင်ရေမြေကို အမှီပြုရှင်သန်ကြရသလို သဘာဝဝန်းကျင်တစ်ခု ရေရှည်တည်တံ့ဖို့က လူတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အပေါ်မှာ မူတည်နေပြန်ပါတယ်။
ကျွန်မတို့ရဲ့ အသက်သွေးကြော ဒီရေဒီမြေကို ကျွန်မတို့ ဒေသခံတွေ ဘယ်လောက်အထိ ထိန်းသိမ်းစောင့်ရှောက် ထားနိုင်မလဲ။ ကျွန်မတို့ ရပ်တည်နေတဲ့ မြေကြီးအောက်မှာ ခဲ၊ ရွှေ စတဲ့ သဘာဝ သယံဇာတ တစ်မျိုးမျိုး ထွက်ရှိနေတယ်လို့ တွေ့သွားတာနဲ့ တပြိုင်နက် အဲဒီမြေကြီးဟာ ဆိုးဆိုးရွားရွား ချွေမွဖျက်စီးခံရပြီး အဆိပ်သင့်နေတဲ့ အန္တရာယ်ဇုံတစ်ခုအဖြစ်ကို လျင်လျင်မြန်မြန်ပဲ ကူးပြောင်းသွားရတော့မယ်။
အုပ်ချုပ်ရေးစနစ် ကောင်းမွန်တဲ့၊ ဥပဒေ စည်းနှောင်အားကောင်းတဲ့၊ လာဘ်စားမှု ကင်းတဲ့ နိုင်ငံတွေအတွက် သဘာဝ သယံဇာတဆိုတာ ပြည်သူလူထုဘဝ ဖွံ့ဖြိုးတိုးတက်စေတဲ့ လိုတရ အာလာဒင် မီးခွက်ပါပဲ။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ သဘာဝ သယံဇာတထွက်ရှိရာ ဝန်းကျင်မှာ နေထိုင်ကြသူတွေဟာ ဘေးဆိုး ကျိန်စာဆိုး အသင့်ခံနေကြရတာ နေရာတိုင်းမှာ တွေ့ရမှာပါ။ အကြောင်းကတော့ ထွက်ရှိတဲ့ သယံဇာတတွေကို စစ်အာဏာရှင်နဲ့ အပေါင်းပါ ခရိုနီတစ်စုက လက်ဝါးကြီးအုပ် ဓါးပြတိုက်ယူထားကြလို့ပါပဲ။
ဝိသမလောဘသားတွေဟာ သတ္တုတစ်မျိုးမျိုး ထွက်ရှိတဲ့ တောတောင်ရေမြေကို ဖြစ်ကတတ်ဆန်း တူးဖြိုဖျက်စီးပြီး ရသမျှ အကျိုးအမြတ်တွေကို သယ်သွားကြတယ်။ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေကတော့ ဥတုကပ်ဘေး၊ ရောဂါဘေး၊ ငတ်မွတ်မှုဘေး စတဲ့ ဘေးဒုက္ခမျိုးစုံနဲ့ ကျန်ရစ်ခဲ့ကြရရှာတယ်။
သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ သိပ်မကြာခင်က ဖတ်လိုက်ရတဲ့ ဆောင်းပါးတစ်ပုဒ်ကြောင့် တကယ့်ကို နင့်နင့်နဲနဲ ခံစားရပါတယ်။ ဆောင်းပါးခေါင်းစဉ်ကိုက “မြေလွှာကိုဖွင့် ပြည်ကိုဖျက်အံ့” တဲ့။
ပထမဆုံး သတိပြုမိတာက ဆောင်းပါးနဲ့တွဲလျက် ဖော်ပြထားတဲ့ မြေပုံတွေ။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ် နှိုင်းယှဉ်ပြီး တွဲပြထားတဲ့ မြေပုံတွေကို တစ်ပုံချင်းစီကြည့်ရင်း တူးဖြိုခုတ်ထစ် ခံထားရတဲ့ တောတောင်ရေမြေတွေဟာ ဒီလောက်တောင် များနေပါလားလို့ တအံ့တဩ ဖြစ်သွားမိတယ်။
ဆောင်းပါးကို ဆက်ဖတ်ကြည့်တော့ စစ်အာဏာမသိမ်းမီက တနင်္သာရီတိုင်းအတွင်း သတ္တုလုပ်ကွက်တွေဟာ ဧက ခုနစ်ထောင်ကျော် ရှိခဲ့ရာကနေ အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဧပြီလက ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓါတ်ပုံတွေအရ သတ္တုလုပ်ကွက် ဧကနှစ်သောင်းကျော် အထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ အဲဒီပမာဏဟာ ထားဝယ်မြို့ ဧရိယာထက် လေးဆနီးပါးရှိပြီး၊ ဘောလုံးကွင်းနဲ့ ပမာပြုဖော်ပြရရင် ဘောလုံးကွင်းပေါင်း တစ်သောင်းလေးထောင်နှစ်ရာခန့်ရှိပါသတဲ့။
သတ္တုလုပ်ကွက်တွေဟာ တောတောင်မြစ်ချောင်းတွေမှာတင် တွေ့ရတာ မဟုတ်တော့ဘဲ ဥယျာဉ်ခြံနဲ့ လူနေအိမ်ကြားထိ ရောက်လာနေပါသတဲ့။ ကွမ်းသီးတော၊ ဒူးရင်းတော၊ ရာဘာတော အဖြစ်ကနေ သတ္တုလုပ်ကွက်အဖြစ် အသွင်ပြောင်းသွားရတဲ့ ဥယျာဉ်ခြံတွေဟာ တစ်နေ့တခြား ပိုများလာသတဲ့။
စစ်ပွဲပဋိပက္ခနဲ့ အခြေအနေ မငြိမ်သက်မှုတွေ ဘယ်လိုရှိရှိ လောဘသားတွေကတော့ ဆထက်တပိုး တူးဖြိုအမြတ်ထုတ်နေကြတယ်။ တရားဥပဒေ အထိန်းအကွပ်မရှိ၊ နီးရာဓါးကို ပူဇော်ပသလိုက်တာနဲ့ ကိစ္စပြီးနိုင်တာမို့ တောတောင် တစ်ခွင်လုံးဟာ နုတ်နုတ်စင်း ခံထားရတဲ့ အသားတစ်တစ်ခုလို ပွစာကြဲ အပျက်အစီးပုံကြီး ဖြစ်သွားရတယ်။
စစ်ကောင်စီ ထိန်းချုပ်နယ်မြေမှာ ဆိုရင်တော့ အရင်နည်းဟောင်း အတိုင်း လုပ်ငန်းကြီးရင် ကြီးသလို၊ သေးရင် သေးသလို လာဘ်ထိုးပေးကမ်းတဲ့နည်းနဲ့ အလုပ်ဖြစ်ကြတာပါပဲ။
စစ်အာဏာရှင်နဲ့ အပေါင်းပါ ခရိုနီတို့ရဲ့ ပရမ်းပတာ အထိန်းအကွပ်မဲ့ လုပ်ရပ်ကို တားဆီးနိုင်ဖို့အတွက်ဆိုရင် တော်လှန်ရေး အရှိန်အဟုန်ကို တိုးမြှင့်ရုံမှတစ်ပါး အခြားမရှိပါဘူး။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်နယ်မြေ ပိုများလာမယ်ဆိုရင် ခရိုနီတို့ရဲ့ တရားမဝင် သတ္တုတူးဖော်မှုတွေ၊ အန္တရာယ်ကြီးမားတဲ့ နည်းလမ်းတွေနဲ့ သတ္တုတူးဖော်တာတွေ ရပ်တန့်သွားမယ်လို့ မျှော်လင့်မိတာပါပဲ။
ဒါပေမယ့် အဲဒီဆောင်းပါးမှာ တော်လှန်ရေးတပ်တို့ရဲ့ ထိန်းချုပ်နယ်မြေမှာလည်း တရားမဝင် သတ္တုတူးဖော်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေမှာ သတ္တုတူးဖော်တဲ့အခါ ဘယ်လိုစည်းမျဉ်း ဥပဒေကို ချမှတ်လိုက်နာ ကျင့်သုံးနေကြပါသလဲ။
ရွာအဝင်လမ်းတွေ ပျက်စီး၊ ချောင်းတွေက ဆိုးဆိုးရွားရွား တိမ်ကောပျက်စီးနဲ့ အဆိပ်သင့်နေတဲ့ အဲဒီဝန်းကျင်ရေမြေကို ဘယ်လိုနည်းလမ်းနဲ့ ထိန်းသိမ်းကာကွယ်ကြရမလဲ။ အဲဒီဝန်းကျင်မှာ နေထိုင်နေတဲ့ ဒေသခံတွေ ဘယ်လို ရင်ဆိုင်ကြုံတွေ့နေကြရသလဲ။
ဆောင်းပါးမှာတော့ ဥယျာဉ်ခြံတွေ အဆမတန် ဈေးကောင်းလာတာမို့ ဒေသခံတစ်ချို့က သူတို့ခြံကို သတ္တုတူးမယ့် လုပ်ငန်းရှင်တွေဆီ ရောင်းချလိုက်ကြတာ များလာတယ်လို့ ဖော်ပြထားတယ်။ ဥယျာဉ်ခြံ ရောင်းချနေကြတဲ့ ဒေသခံတွေဟာ သတ္တုတူးဖော်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို ခြေခြေမြစ်မြစ် သိမှသိကြပါရဲ့လား။
ရေတို ရေရှည်အကျိုးသက်ရောက်မှုကို မသိနားမလည်ဘဲ ငွေကြေးမက်လုံး တစ်ခုတည်းနဲ့ ဒေသခံတို့ရဲ့ ဥယျာဉ်ခြံကို လက်လွှတ်လိုက်မိတာမျိုး မဖြစ်ရအောင် ဝိုင်းဝန်းအသိပညာပေးဖို့ သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်သူတွေမှာ တာဝန်ရှိပါတယ်။
သဘာဝ အရင်းအမြစ်တစ်ခုကို ထုတ်ယူတဲ့အခါ ဒေသခံတို့ရဲ့ အသက်မွေးဝမ်းကြေင်း၊ လူမှုစီးပွား၊ ကျန်းမာရေး စတာတွေ ထိခိုက်မှုမရှိအောင် ဘက်စုံထောင့်စုံ စဉ်းစားပြီးမှ ရေရှည်ထုတ်ယူသုံးစွဲနိုင်တဲ့ အရင်းအမြစ် ဖြစ်စေရေး စီမံခန့်ခွဲဖို့ အရေးကြီးပါတယ်။ လက်ရှိ ဆိုးကျိုးသက်ရောက်မှုအပြင် နောင်မျိုးဆက်တွေ ခံစားရမယ့် ဆိုးကျိုးအန္တရာယ်ကိုလည်း ထည့်သွင်း စဉ်းစားကြရပါမယ်။
ရရှိလာမယ့် ငွေကြေးပမာဏ တစ်ခုကိုပဲကြည့်ပြီး ထုတ်လုပ်မယ်ဆိုရင် သိပ်ကို ဉာဏ်အမြော်အမြင်နည်းလွန်းရာ ကျပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာကို အလေးမထားဘူးဆိုရင် ပြန်လည်ကုစားလို့ မရနိုင်တော့တဲ့ ပျက်စီးဆုံးရှုံးခြင်းမျိုး ဖြစ်သွားမှာကို စိုးရိမ်လှပါတယ်။
စစ်အာဏာရှင်စနစ်ကို တော်လှန်နေဆဲမို့ တော်လှန်ရေးကိုသာ အဓိက အာရုံစိုက်သင့်ပြီး သဘာဝပတ်ဝန်းကျင်အရေးကို နောက်မှလုပ်သင့်တယ်ဆိုတဲ့ အယူအဆဟာ မှားပါတယ်။ လူသားတွေရဲ့ အသက်ရှင်သန်ရေးဟာ သဘာဝပတ်ဝန်းကျင်အပေါ်မှာ လုံးလုံးလျားလျား မှီခိုနေရတဲ့အတွက် သဘာဝတောတောင်ရေမြေ ထိန်းသိမ်းတာကို ဘယ်အချိန်ကာလမဆို အစဉ်တစိုက် လုပ်ဆောင်ကြရမှာပါ။
နေရာအနှံ့ ပွစာကြဲလာတဲ့ သတ္တုမိုင်းတွေအကြောင်း ဖတ်ရှုရင်း တွေးတောရင်းကနေ ဥယျာဉ်ခြံတွေ ပြည့်နှက်နေတဲ့ ကျွန်မရဲ့ ကွန်းခိုရာ တောင်တန်းတကြောကို လှမ်းကြည့်နေမိတယ်။ ဒီနေရာဟာ လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်နေဆဲနေရာပါ။
ဒီနေရာရဲ့ မြေလွှာအောက်မှာ သတ္တုတစ်မျိုးမျိုး ထွက်နေတယ်လို့ တွေ့ရှိသွားကြတာနဲ့ စစ်ကောင်စီအပေါင်းပါတွေက ဘယ်သူသေသေ၊ ဒေသခံတွေ ဘယ်လိုဒုက္ခရောက်ရောက် ဒီမြေလွှာကို အသားတစ် နုတ်နုတ်စင်းသလို ခုတ်ထစ်တူးဖြိုကြမှာ အသေအချာပါပဲ။ အကြမ်းဖက်သမား လောဘသားတွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက်ဆို ဒေသခံပြည်သူတို့ဘက် ရပ်တည်ပေးမယ့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေကိုပဲ ကျွန်မတို့ အားကိုးရမှာပါ။
ပြည်သူတွေကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကျွန်မတို့ ပြည်သူတွေ အကြမ်းဖက်မိစ္ဆာရန်က လွတ်မြောက်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သလို ကျွန်မတို့ တောသူတောင်သားတွေရဲ့ အသက်သွေးကြော သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေကို ဖျက်စီးပစ်မယ့် သူတို့ရဲ့ အန္တရာယ်ကနေလည်း အကာအကွယ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times