တနင်္သာရီမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွါး၊ တနင်္သာရီ-မောတောင်လမ်းပိုင်းကို မဖြတ်သန်းဖို့ သတိပေး

တနင်္သာရီမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွါး၊ တနင်္သာရီ-မောတောင်လမ်းပိုင်းကို မဖြတ်သန်းဖို့ သတိပေး

ရုပ်သံ - ချောင်းနှစ်ပေါက်တံတားအနီးတိုက်ပွဲ

တနင်္သာရီမြို့နယ်-မောတောင်လမ်းပိုင်းက ချောင်းနှစ်ပေါက်ရွာအနီးမှာ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ KTLA-tcjf ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့ အဖွဲ့ဆီကသိရပါတယ်။

တိုက်ပွဲတွေဟာ မနေ့က ည​နေ ၄နာရီကစပြီး ၆နာရီအထိတစ်ကြိမ်နဲ့ ဒီကနေ့မနက် ၇နာရီကနေ ၁၀ နာရီအထိတစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ချောင်းနှစ်ပေါက်ရွာမြစ်ကူးတံတားအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဘက်က ၁၂ ဦးသေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“သတင်းကြိုရတာကြောင့် ကျနော်တို့ဘက်ကပြင်ဆင်ပြီး လက်ဦးမှုယူနိုင်ခဲ့တာပါ။ လက်နက်အင်အားချင်းကတော့ယှဉ်လို့မရဘူးပေါ့။ ကျနော်တို့ပစ်တဲ့လက်နက်ကြီးကျည် အုပ်စုထဲကိုကွက်တိကျတယ်။ အဲမှာလဲကျသွားတာတွေအများကြီးပဲ။ ပြီးတော တံတားဘက်ကိုတက်လာချိန် ပေ ၅၀ကနေအနီးကပ်လက်နက်ငယ်နဲ့ ပစ်တာမှာလည်းကျတယ်” လို့KTLA -tcjfရဲ့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

စစ်ကောင်စီဘက်က ခလရ (၄၃၁)၊ခလရ (၁၇) ခလရ (၁၀၁)၊ ခမရ (၅၅၈)တို့ပူးပေါင်းပြီး အင်အား ၉၀ နီးပါးနဲ့ စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့တော်လှန်ရေးတပ်တွေဘက်က ရဲဘော်တစ်ဦး ခြေသလုံးလက်နက်ကြီးထိမှန်တဲ့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က နှစ်ရက်အတွင်း စက်လက်နဲ့ မော်တာကျည်အများအပြားပစ်ခတ်ခဲ့ လက်နက်ကြီးအချက်ရေ ၇၀ ကျော်ရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။

အဲဒီလက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်ခြေ ၈၀ ဝန်းကျင်ရှိတဲ့ ချောင်းနှစ်ပေါက်ရွာကဒေသခံ ၄၀၀ ကျော်ရွာလုံးကျွတ်စစ်ဘေးရှောင်နေရသလို အနီးအနားက သိန်ခွန်းရွာမှာလည်းဒေသခံအချို့စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကျရောက်ပြီး နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပေမယ့် အရေအတွက်အသေးစိတ်ကိုတော့အတည်ပြုလို့မရသေးပါဘူး။

အခုတိုက်ခိုက်မှုတွေကိုတော့ KTLA-tcjf ကျားကြီးကွန်မန်ဒိုတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေကပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ညနေပိုင်းမှာတော့ တိုက်ပွဲငြိမ်နေပေမယ့် စစ်ကောင်စီတပ်သားတွေ ချောင်းနှစ်ပေါက်တံတားတဝိုက်မှာရှိနေသေးတယ်လို့သိရပါတယ်။ အင်အားထပ်ဖြည့်နိုင်ခြေရှိတယ်လို့ တာဝန်ရှိသူကပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေကြောင့် တနင်္သာရီ-မောတောင်လမ်းပိုင်းကို အသုံးမပြုကြဖို့ မဖြစ်မနေသွားလာရမယ်ဆိုရင်လည်း တခြားလမ်းကြောင်းကသာသွားလာကြဖို့ တော်လှန်ရေးတပ်တွေဘက်က တောင်းဆိုထားပါတယ်။

အခုလ ၁၉ ရက်နေ့ကလည်း အခုတိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

The Tanintharyi Times