မေတ္တာမြို့ကိုပို့မယ့် စစ်ကောင်စီ ရိက္ခာကားတစ်စီးကို KNU တပ်မဟာ ၄ သိမ်းဆည်း
မေတ္တာမြို့ကိုပို့မယ့် စစ်ကောင်စီ ရိက္ခာကားတစ်စီးကို KNU တပ်မဟာ ၄ သိမ်းဆည်း
ထားဝယ်မြို့နယ်၊ မေတ္တာမြို့က စစ်ကောင်စီစခန်းတွေကိုပို့မယ့် ရိက္ခာကားတစ်စီးကို သိမ်းဆည်းရမိထားတယ်လို့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။
အဲဒီကားဟာ အခုလ ၂၆ ရက် ညနေပိုင်းက ကျောက်မဲတောင်ရွာကနေ မေတ္တာမြို့ဘက်ကိုသွားဖို့ ထွက်လာတဲ့အချိန် ဟိန္ဒူးချောင်းရွာအနီးမှာ တပ်မဟာ ၄၊ KNLA တပ်ရင်း ၁၂ ကဖမ်းဆီးခဲ့တာပါ။
ရိက္ခာတွေကို မြေတင်ကားနဲ့ တင်လာပြီး ထားဝယ်ဒေသခံ အရပ်သားတစ်ဦးကမောင်းနှင်လာပေမဲ့ စစ်ကောင်စီရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားကဆိုပါတယ်။
“မေတ္တာမှာ ရွာသားလည်း မရှိတော့ဘူးလေ။ ဒီတော့ စကစ ရဲ့ရိက္ခာတွေပဲပေါ့။ ကားသမားကလည်း ဝန်ခံတယ်” လို့ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားက ပြောပါတယ်။
မေတ္တာမြို့ဟာ အခုနှစ် ဖေဖော်ဝါရီလမှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ် လေကြာင်းကနေ ဗုံးကြဲတာတွေကြောင့် မြို့လုံးကျွတ်စစ်ဘေးရှောင်နေရတဲ့ နေရာဖြစ်ပါတယ်။
KNLA ဘက်က ဖမ်းဆီးထားတဲ့ ကားပေါ်မှာ ဆန် ၆၈ အိတ်၊ ဆီနဲ့ စားသောက်ကုန်တွေ ပါလာတယ်လို့ သိရပါတယ်။
ကားမောင်းသမားကို အရေးမယူပေမဲ့ ဖမ်းမိထားတဲ့ ဆန်နဲ့စားသောက်ကုန်တွေကိုတော့ သိမ်းဆည်းသွားမယ်လို့ ပဒိုအယ်နားက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အရင်က မေတ္တာမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းကို ရိက္ခာပို့တဲ့အချိန် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးပြီး ရိက္ခာပို့ဆောင်တာပါ။
ပဒိုအယ်နားက အခုဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီက ရိက္ခာကို ခိုးကြောင်ခိုးဝှက်ပို့နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သား ၃၀၀ ဝန်းကျင်လောက်ဟာလည်း အခုလက်ရှိမှာ ရိက္ခာကားထွက်လာတဲ့ ကျောက်မဲတောင်နယ်မြေရဲစခန်းနဲ့ အနီးအနားမှာရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မေတ္တာမြို့ကနေ ထီးခီးနယ်စပ်ကိုသွားမယ့်လမ်းကိုလည်း ကော်သူးလေတပ်မတော် KTLA ဘက်က မနေ့ကစလို့ ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားပါတယ်။
The Tanintharyi Times
