စစ်ကောင်စီ အမြောက်တပ် နဲ့ စစ်ဆေးရေးဂိတ်ကို NMSP-AD တိုက်ခိုက်၊စစ်တပ်က ၈ ဦး သေဆုံး

စစ်ကောင်စီ အမြောက်တပ် နဲ့ စစ်ဆေးရေးဂိတ်ကို NMSP-AD တိုက်ခိုက်၊စစ်တပ်က ၈ ဦး သေဆုံး

မွန်ပြည်နယ်၊ မုဒုံနဲ့ သံဖြူဇရပ်က စစ်ကောင်စီအမြှောက်တပ်နဲ့ စစ်ဆေးဂိတ်တို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၈ ဦး သေဆုံးကြောင်း NMSP-AD က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့နဲ့ ၂၆ ရက်နေ့တို့မှာ စစ်ကောင်စီ အမြှောက်တပ်နဲ့ စစ်ဆေးဂိတ်တို့ကို NMSP-AD က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၈ ဦး သေဆုံးသလို ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၃ မှာ သံဖြူဇရပ်မြို့အဝင် ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အရာရှိ ၂ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ အမြှောက်တပ် အမတ ၃၁၈ ကို NMSP-AD က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ပြည်ထောင်စုလမ်းမပေါ်၊ သံဖြူဇရပ်-ရေး လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီ ခမရ ၅၈၈ ရဲ့ အထိုင်စခန်းကို NMSP-AD နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်စပိုင်းက မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ကာ မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

The Tanintharyi Times