မောတောင်ကို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပြောင်းရွှေ့လာတယ်လို့ဆို
မောတောင်ကို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ပြောင်းရွှေ့လာတယ်လို့ဆို

ထိုင်း-မြန်မာ နယ်စပ်မြို့တစ်ခုဖြစ်တဲ့ တနင်္သာရီမြို့နယ်၊ မောတောင်မြို့ကို အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေပြောင်းရွှေ့လာတယ်လို့ မောတောင်မြို့ခံတွေနဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေဆီကသိရပါတယ်။
တနင်္သာရီတိုင်းမ်က စုံးစမ်းသိရှိချက်တွေအရ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေဟာ
လွန်ခဲ့တဲ့ ငါးလဝန်းကျင် အခုနှစ် ဇွန်လလောက်မှာစတင်လည်ပတ်နေတာဖြစ်ပါတယ်။
မောတောင်မြို့ ၊ နှီးဘုရားတောင်ခြေ၊ မြို့မ (၂) ရပ်ကွက်မှာရှိတဲ့ ကာစီနိုရုံထဲကို ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေ စတင်ရောက်ရှိလာတာဖြစ်တယ်မြို့ခံတွေက ပြောပါတယ်။
“ အဲ့ ကာစီနိုခြံဝင်းထဲမှာ ကျားဖြန့်လုပ်သားတွေ ရောက်နေတာ ရာချီတယ်။ သူတို့လည်း အပြင်မထွက်ဘူး။ ကိုယ်တွေအပြင်လူတွေကိုလည်း ဝင်ခွင့်မပေးဘူး။ အထဲမှာ အစားအသောက်၊ အသုံးအဆောင် ဈေးဆိုင်တွေအကုန်ရှိတယ်” လို့ မောတောင်မြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။
မောတောင်မြို့ခံပြည်သူတွေကတော့ မြို့မ (၂) ရပ်ကွက်က ကာစီနိုရုံထဲမှာ ကျားဖြန့်လုပ်သား ၇၀၀ ဝန်းကျင် ခန့်ရှိနေပြီး စလော့ဂိမ်း၊ ကာစီနိုဂိမ်းပေါင်းများစွာနဲ့ ကျားဖြန့်လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အဲ့ဒီကာစီနိုရုံအဆောက်အဦးကို ၂၀၁၈ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် ကိုဗစ်ကာလမှာ ဆောက်လုပ်ရေးရပ်နားထားတာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆောက်လုပ်ရေးပြန်လည်စတင်ခဲ့ပြီး မနှစ်က နှစ်ကုန်ပိုင်းမှာ ကာစီနိုရုံလည်ပတ်နိုင်ဖို့ ပြင်ဆင်မွမ်းမံတာတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ အစကတည်းက ပစ္စည်းတွေက စုံနေပြီးသား။ သူခိုးတွေ၊ အမူးသမားတွေကြောင့် ပျက်ဆီးသွားတာတွေကို ပြန်ပြင်ပြီးမှ ဖွင့်တာ” လို့ မောတောင်မြို့နေ ဒေသခံအမျိုးသမီးက ပြောပါတယ်။
ကာစီနိုရုံအဆောက်အဦးတွေဟာ တစ်ထပ်တိုက်အဆောက်အဦးတွေဖြစ်ပြီး အုတ်တံတိုင်းအမြင့်တွေ ကာထားတာကြောင့် အဆောက်အဦးရဲ့ အမိုးစွန်းကိုသာမြင်ရတယ်လို့ မောတောင်မြို့ခံတွေက ဆိုပါတယ်။
မောတောင်မြို့ခံတွေကတော့ လက်ရှိလာရောက်လုပ်ကိုင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ လောက်ကိုင်မြို့နဲ့ မြဝတီ ရွှေကုက္ကိုမြို့တွေကနေ ပြောင်းရွှေ့လာကြတာလို့ ပြောပါတယ်။
“ လောက်ကိုင်မှာ အရင်နှစ်က တိုက်ပွဲတွေဖြစ်တော့ မြဝတီဘက်တွေရောက်လာတယ်။ နောက်ပြီးတော့ မြဝတီမှာပါ ပြသနာတွေထပ်ဖြစ်တော့ မောတောင်ဘက်ကို ရွှေ့လာတယ်လို့ သုံးသပ်မိပါတယ်။ အခုကတော့ ယာယီရွှေ့လာတာလားမသိပေမဲ့ ကြာလာရင်တော့ အခြေစိုက်တာမျိုး ဖြစ်လာနိုင်တယ်” လို့ မောတောင်မြို့ ဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပါတယ်။
မောတောင်မြို့ ကာစီနိုရုံကို ဦးစီးနေတာကတော့ စစ်ကောင်စီ နဲ့ ဆက်နွယ်နေတဲ့ ကရင်လက်နက်ကိုင် အစုအဖွဲ့ ဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။
မြို့ခံအချို့က ကရင်နယ်ခြားစောင့်တပ် BGF ကဖြစ်တယ်လို့ ဆိုကြသလို အချို့မြို့ခံတွေကလည်း ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC) က လုပ်ဆောင်နေတယ်လို့ ဆိုကြပါတယ်။
လက်ရှိမောတောင်မြို့မှာ ကရင်နယ်ခြားစောင့်တပ် BGF တရားဝင်မရှိနေပေမဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC)ကတော့ ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ခုနှစ်တွေထဲက မောတောင်မြို့မှာ လှုပ်ရှားမှုတွေရှိတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၂၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး စစ်ဆင်ရေးရဲ့ ရည်မှန်းချက်တွေထဲမှာ တရုတ်အစိုးရကအလိုရှိနေတဲ့ ကိုးကန့်ဒေသက ကျားဖြန့်ခေါင်းဆောင်တွေကို နှိမ်နှင်းရန်ဆိုတဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် MNDAA ကနေ ကျားဖြန့်လုပ်ဆောင်တယ်လို့ သံသယရှိတရားခံတွေ၊ တရုတ်ကဖမ်းဝရမ်းထုတ်ထားသူတွေနဲ့ တရုတ်နိုင်ငံသားကျားဖြန့်လုပ်သားပေါင်းများစွာကို တရုတ်အစိုးရဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့က ကျားဖြန့်လုပ်ငန်းအများအပြား မြဝတီ၊ ရွှေကုက္ကိုလ်မြို့ကို ပြောင်းရွှေ့အခြေစိုက်ခဲ့ကြတယ်လို့ ပြည်တွင်း သတင်းမီဒီယာတွေကလည်း ဖော်ပြခဲ့ကြပါတယ်။
အဲ့ဒီနောက် ကရင်နယ်ခြားစောင့်တပ် BGF ကနေ ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ရွှေကုက္ကိုလ်က ကျားဖြန့်လုပ်ငန်းတွေမှာ BGF ဦးဆောင်သူ ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့လက်အောက်က ဗိုလ်မိုလ်သိုလ်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ အဓိကပါဝင်ပတ်သက်နေကြောင်း အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) က အခုနှစ် ဧပြီ ၂၂ ရက် အစီရင်ခံစာမှာ ထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာထွက်လာပြီးနောက်မှာတော့ ကရင်နယ်ခြားစောင့်တပ် BGF ကနေ မြဝတီမြို့အပါအဝင် အနီးတဝိုက်က ကျားဖြန့်လုပ်ငန်းတွေကို ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက် အတွင်း ထွက်ခွာဖို့ စာထုတ်ပြန်ခဲ့ပါတယ်။
The Tanintharyi Times