လုံခြုံရေးအထပ်ထပ်ချထားတဲ့ထားဝယ်သပိတ်မျှောပွဲ

လုံခြုံရေးအထပ်ထပ်ချထားတဲ့ထားဝယ်သပိတ်မျှောပွဲ

ပုံစာ - စစ်အာဏာမသိမ်းခင်နှစ်တွေက ထားဝယ်သပိတ်မျှောပွဲ

ကိုဗစ်နဲ့စစ်အာဏာသိမ်းမှုကြောင့် ရပ်နားထားတဲ့ ထားဝယ်ရိုရာသပိတ်မျှောပွဲကို စစ်ကောင်စီက ဒီနှစ်မှာလည်း ပြန်လည်ကျင်းပဖို့စီစဥ်နေပြီး လုံခြုံရေးကိုလည်း အထူးတင်းကြပ်ထားပါတယ်။

သပိတ်မျှောပွဲကို မနက်ဖြန်အရုဏ်တက်အချိန် ထားဝယ်မြို့ကမ်းနားလမ်း၊ ထားဝယ်မြစ်နံဘေးက သဲကွင်းနေရာမှာကျင်းပမှာဖြစ်ပါတယ်။ ဖျော်ဖြေရေးမဏ္ဍပ်တွေ သပိတ်မျှောမယ်နေရာတွေကိုလည်း စစ်ကောင်စီဘက်ကပြင်ဆင်ထားပါတယ်။

သပိတ်မျှောပွဲကျင်းပမယ့်နေရာကို သွားလို့ရတဲ့လမ်းတွေအားလုံးကို ဒီနေ့ညနေ ၄ နာရီခွဲလောက်ကစပြီး သံဆူးကြိုးအတားအဆီးတွေနဲ့ စစ်ကောင်စီတပ်သားတွေက ပိတ်ထားလိုက်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

“ပတ်ပတ်လည်ပိတ်ချထားတာ။ ညနေကတည်းက ဘာမှသွားလို့မရတော့ဘူး။ သူတို့မပိတ်ခင်ကလည်း လူသွားလူလာက မရှိဘူးဗျ” လို့ ထားဝယ်မြို့ခံ အမျိုသားတစ်ဦးကပြောပါတယ်။

အလားတူ ကမ်းနားစျေးလမ်းထောင့်နဲ့ ကမ်းနားလမ်းပေါ်ကတံတားထိပ်နေရာတွေမှာ သဲအိတ်ဘန်ကာတွေပြုလုပ်ပြီး စစ်ကောင်စီတပ်သားနဲ့ရဲတွေက စောင့်ကြပ်နေတယ်လို့ ​သိရပါတယ်။ သပိတ်မျှောပွဲကျင်းပမယ့်နေရာတဝိုက်မှာပဲ စစ်ကောင်စီတပ်သားနဲ့ရဲ အင်အား ၃၀ လောက်အထိရှိနေတာပါ။

သပိတ်မျှောပွဲကျင်းပမယ့် သဲကွင်းနေရာတဝိုက်မှာ စစ်ကောင်စီတပ်သားနဲ့ရဲတွေရှိနေသလို သဲကွင်းနဲ့ကပ်နေတဲ့ တလိုင်းမရပ်ကွက်၊ မြို့ထဲကလမ်းဆုံနေရာတွေမှာ ဒီနေ့ညနေပိုင်းကတည်းက အရပ်ဝတ်စစ်ကောင်စီတပ်သားတွေနေရာချထားပါတယ်။

ထားဝယ်မြစ်ရဲ့တဖက်ကမ်းက ကဘူ၊ ကမြောကြီး၊ သာယာကုန်း၊ အင်း၀န်း၊ မင်းရပ်နဲ့ ရွာဟောင်း၀ရွာတွေက မြစ်နဲ့ကပ်နေတဲ့ နေရာတကြောလုံးကို အင်အား ၆၀ ကျော်လောက်က တပ်ဖြန့်နေရာယူထားတယ်လို့ လောင်းလုံး​​ဒေသခံတွေကပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေကို ဒီနေ့နေ့လယ်ပိုင်းကတည်းက မြေတင်ကားနှစ်စီးနဲ့ လာရောက်ပို့ဆောင်ခဲ့တာပါ။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက “လောင်းလုံးဘက်ကမ်းနဲ့ ရေထဲမှာပဲတင်အင်အားရာချီသုံးထားတယ်။ ဒီဘက်တကြောလုံးမှာလည်း နေရာယူတပ်ဖြန့်ထားတယ်” လို့ပြောပါတယ်။

သပိတ်မျှောမယ့် ထားဝယ်မြစ်ထဲမှာလည်း စက်လှေအကြီးတစီးအပြင် စပိဘုတ်လှေငယ်တွေနဲ့ စစ်ကောင်စီတပ်သား အင်အား ၂ဝ ကျော်လောက်က အဆင်သင့်ကျောက်ချနေရာယူထားတယ်လို့ မြို့ခံတွေကပြော​ပါတယ်။

ဒါ့အပြင် ပွဲကျင်းပမယ့်သဲကွင်းတဝိုက်မှာ ဆက်သွယ်ရေးလှိုင်းဖြတ်တောက်တဲ့ ဂျမ်မာ (Jammer) တွေကို လွန်ခဲ့တဲ့ငါးရက်လောက်ကစပြီး ဆင်ထားတယ်လို့လည်း မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ ဒရုန်းတိုက်ခိုက်မှုတွေ၊ အဝေးထိန်းမိုင်း တိုက်ခိုက်တာတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ မြို့ခံတွေကယူ​ဆပါတယ်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း သီတင်းကျွတ်ကာလအတွင်း စစ်ကောင်စီကျင်းပတဲ့သပိတ်မျှောပွဲတော်နဲ့ တခြားပွဲလမ်းသဘင်တွေ ပါဝင်ဆင်နွှဲတာတွေမလုပ်ကြဖို့ အခုရက်ပိုင်းမှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။

အခုလ ၂၅ ရက်နေ့ကလည်း သပိတ်မျှောပွဲအတွက်ဆောက်လုပ်နေတဲ့ ဖျော်ဖြေရေးမဏ္ဍပ်အနီးမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်မှုကြီးကြီးမားမားတော့ မရှိခဲ့ဘူးလို့ အနီးအနားမှာနေထိုင်သူတွေကဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့အရင်နှစ်ကလည်း သပိတ်မျှောပွဲမကျင်းပခင်တရက်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီနောက်မှာ​တော့ စစ်ကောင်စီတပ်ကအရာရှိတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ သူတို့နဲ့နီးစပ်သူတွေကပဲ သပိတ်မျှောပွဲကို ​ဆင်နွှဲခဲ့ကြပါတယ်။

The Tanintharyi Times