စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံဖမ်းဆီးသွားတဲ့ တီဇစ်ရွာသားတွေ ပြန်လွတ်လာ
စစ်ကောင်စီတပ်က လူသားဒိုင်းပုံစံဖမ်းဆီးသွားတဲ့ တီဇစ်ရွာသားတွေ ပြန်လွတ်လာ
စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းပုံစံ ဖမ်းဆီးသွားတဲ့ လောင်းလုံးမြို့နယ်က တီဇစ်ရွာသားတွေ ဒီကနေ့မနက်ပိုင်းမှာ ပြန်လွတ်လာခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
တီဇစ်ရွာကို လွန်ခဲ့တဲ့ နှစ်ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ကညနေပိုင်းမှာ ရွာခံအမျိုးသား ၁၀ ဦးခန့်ကိုဖမ်းဆီးသွားပြီး ဂေါ့အင်းရွာကို ဆက်လက် ဝင်ရောက်ခဲ့ပါတယ်။
အဲဒီနောက် မနေ့ညက ဂေါ့အင်းရွာထဲကဘုန်းကြီးကျောင်းမှာ တစ်ညတပ်စွဲနေထိုင်ခဲ့ပြီးနောက် ဒီကနေ့မနက်စောစောပိုင်းမှာပဲ အဲဒီရွာသားအားလုံးကို ပြန်လွှတ်လိုက်တာလို့ သိရပါတယ်။
“ဂေါ့အင်းရွာထဲကနေပဲ လွှတ်လိုက်တာပါ။ ညကတော့ သူတို့နဲ့အတူခေါ်ထားတဲ့ သဘောပေါ့။ လွှတ်ပြီးမှ သူတို့အောက်ဘက်ကို ခဏဆင်းပြီး ပြန်တာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းဟာ ဂေါ့အင်းရွာဘက်ကိုခြေလျင်လာတဲ့အချိန်နဲ့ ဂေါ့အင်းရွာကနေ လောင်းလုံးမြို့ဘက်ကို တက်လာချိန်တွေမှာ လမ်းတဝက်မှာရှိတဲ့ ကြယ်တောင်အနီးမှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်မဲ့ အများအပြားပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေ ပြောတာကတော့ အဲဒီနေရာဟာ စစ်ကောင်စီတပ်သားတွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့နေရာဖြစ်လို့ တဖက်သတ်ရမ်းသမ်းပစ်ခတ်တာလို့ ဆိုပါတယ်။
အဆိုပါ ခြေလျှင်စစ်ကြောင်းကို အောက်ရေဖြူရွာအနီး တောင်ပေါ်မှာရှိတဲ့ လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်းက စစ်ကောင်စီကား ၃ စီးနဲ့ လောင်းလုံးရဲစခန်းက ကား ၄ စီးတို့က လမ်းကင်းယူကာ လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အခုမွန်းလွဲပိုင်း ၁ နာရီလောက်မှာတာ့ မြေတင်ကား ၄ စီး၊ ဗီဂိုကား ၃ စီးနဲ့ စစ်ကောင်စီတပ်သားတွေ လောင်းလုံးရဲစခန်းကို ရောက်ရှိပြီလို့သိရပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ စမ်းလှမ်းနဲ့ တီစစ်ရွာတွေကို အခုလ ၂၆ ရက်နေ့က စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံအမျိုးသား၊ အမျိုးသမီး ၄၀ လောက်ကို တီဇစ်ရွာ အထက်ကျောင်း(ဘုန်းကြီးကျောင်း)မှာ တစ်ညဖမ်းဆီးခဲ့သလို နေအိမ်တချို့ကိုလည်း ရိုက်နှက်ဖျက်ဆီးခဲ့ပါတယ်။
The Tanintharyi Times
