ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရေးဆန္ဒပြပွဲ လူထောင်ချီပူးပေါင်း
ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရေးဆန္ဒပြပွဲ လူထောင်ချီပူးပေါင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လယ်က အနုစာဝါရီလို့ သိကြတဲ့ Victory Monument မှာပြုလုပ်နေတဲ့ ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရေးဆန္ဒပြပွဲကိုလူပေါင်းထောင်ချီတက်ရောက်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန် တို့ရဲ့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ်ရဲ့ ထိုင်းစစ်တပ်ကို ဝေဖန်တဲ့စကားက နိုင်ငံတော်လုံခြုံရေးအပေါ် ခြိမ်းခြောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖယ်ထုန်တန်ကို ရာထူးကဆင်းပေးဖို့ ဇွန်လ ၂၈ ရက်နေ့မှာ ဆန္ဒပြနေတာကြတာဖြစ်ပါတယ်။
ဒီဆန္ဒပြပွဲကို ဖယ်ထုန်တန်ရဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကိုထောက်ခံခဲ့တဲ့ ရှပ်နီအုပ်စုတွေ နဲ့ ထိုင်းအချုပ်အချာကာကွယ်ရေး ပြည်သူ့မဟာမိတ်အဖွဲ့ (CPT) အဖွဲ့တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ ရှင်နာဝပ် မိသားစုရဲ့ ဖွေ့ထိုင်း ပါတီ အာဏာရလာတဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြ ပွဲတစ်ခုလည်းဖြစ်ပါတယ်။
ဆန္ဒပြပွဲကို ရည်ရွယ်ချက်သုံး ခုနဲ့ လုပ်ဆောင်တာဖြစ်ပြီး ဝန်ကြီးချုပ်ဖယ်ထုန်တန် နုတ်ထွက်ပေးရေး ၊ ညွန့်ပေါင်းအစိုးရဖျက်သိမ်းရေး နဲ့ ထိုင်းအချုပ်အခြာအာဏာကို ကာကွယ်ပေးရေးတို့ ဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေကပြောပါတယ်။
ဒီဆန္ဒပြပွဲကို ရှပ်နီထောက်ခံသူဖြစ်ခဲ့တဲ့ ဂျတူပွန် ပရွန်ပန် နဲ့ ထိုင်းအမျိုးသားရေး အဖွဲ့ CPT ဦးဆောင်သူ ပီချစ်ချိုင်မွန်ကွန်တို့ အဓိက ဦးဆောင်တာလည်းဖြစ်ပါတယ်။
ဆန္ဒပြပွဲကို ညကိုးနာရီမှာ အဆုံးသတ်မယ်လို့ ဆန္ဒပြခေါင်းဆောင်တွေကို ရဲတပ်ဖွဲ့ကို အာမခံထားပြီး လမ်းပေါ်မှာ ညလုံးပေါက် ဆန္ဒပြတာမလုပ်ဖို့ ကတိပြုထားတယ်လို့ သိရပါတယ်။
ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့ (MPB) က နံနက် ၁၁ နာရီမှာ ဆန္ဒပြသူတစ်ထောင်ခန့် ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ဒီညနေပိုင်းမှာတော့ လူပေါင်း ၅၀၀၀ လောက်လာရောက်ပူးပေါင်းခဲ့ကြကြောင်း ထိုင်းသတင်းတွေကဖော်ပြပါတယ်။
ဒီဆန္ဒပြပွဲကို နခွန် ရာချာစီမာ ပြည်နယ်က လူပေါင်း ၂၀၀ ခန့်နဲ့ ဖိစနူလော့ ပြည်နယ်က လူပေါင်း ၈၀ လာရောက်ပူးပေါင်းခဲ့တယ်လို့လည်း ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြထားပါတယ်။
နုတ်ထွက်ဖို့ ဖိအားပေးခံနေရတဲ့ ထိုင်းဝန်ကြီးချုပ် ဖယ်ထုန်တန်ကတော့ ရေကြီးမှုဒဏ်ပြင်းပြင်းထန်ထန်ခံ နေရတဲ့ ချင်းရိုင် ခရိုင်ကိုရောက်ရှိနေတယ်လို့ သိရပါတယ်။
“ဆန္ဒပြတာက ၎င်းတို့ရဲ့ အခွင့်အရေးဖြစ်ပါတယ်။ ကျမကတော့သူတို့ကို တစ်ခုခုတုန့်ပြန်ပြောဆိုဖို့ ရည်ရွယ်တာ မရှိပါဘူး။ငြိမ်းချမ်းစွာဆန္ဒပြလို့ ရပါတယ်။ ဆွေးနွေးချင်တယ်ဆိုရင်လည်းကျမ အဆင်သင့်ရှိတယ်” လို့ ဖယ်ထုံတန် က ပြောကြားကြောင်း ဘန်ကောက်ပို့စ် က ဖော်ပြထားပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ်
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times