မော်လမြိုင်-ထားဝယ်ကားလမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် သုံးရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်က အရာရှိနှစ်ဦးအပါအဝင် ၁၆ ဦးသေဆုံး
မော်လမြိုင်-ထားဝယ်ကားလမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ် သုံးရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်က အရာရှိနှစ်ဦးအပါအဝင် ၁၆ ဦးသေဆုံး
မော်လမြိုင်-ထားဝယ်လမ်းမကြီးတလျှောက် လုံခြုံရေးရယူထားတဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ရေးမြို့နယ်မှာ ၃ ရက်အတွင်း ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီအရာရှိနှစ်ဦးအပါအဝင် စုစုပေါင်း ၁၆ ဦးသေဆုံးခဲ့တယ်လို့ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံး တောင်ပိုင်းတိုင်းက သတင်းထုတ်ပြန်ပါတယ်။
အခုလ ၂၆ ရက်နေ့ည ၇ နာရီဝန်းကျင်လောက်မှာလည်း ပရယ်သားကျေးရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် မနေ့ကမနက် ၇ နာရီခန့်မှာ ရေးမြို့နယ်၊ အောင်သာယာရွာနဲ့ ကနင်ကမော့ကျေးရွာကြားမှာ လုံခြုံရေးရယူထားတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် ခမရ (၅၉၁) စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခမရ (၅၉၁)က အရာရှိတစ်ဦး သေဆုံးခဲ့သလို အခြားအဆင့်တစ်ဦးလည်း ဒဏ်ရရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်ကောင်စီတပ် အမတ (၃၁၇)က အနီးအနားကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် Mi 35P တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ သံကဒိုက်ဘုန်းကြီးကျောင်းအနီးကို ဗုံးကြဲတိုက််ခိုက်ခဲ့သလို ကနင်ကမော့နဲ့ အောင်သာယာရွာကြားက ပရဲ့သားကျေးရွာကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် အစင်ကျေးရွာက အသက် ၄၉ နှစ်အရွယ် ဒေါ်ရီရီတင် လက်မောင်းမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခုလ ၂၅ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်ကောင်စီက ရဟတ်ယာဥ်နဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်လို့ ရေးမြို့နယ်၊ နှစ်ကရင်ရွာက အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
မနေ့ကမနက် ၁၀ နာရီခန့်မှာလည်း ရေးနဲ့သံဖြူဇရပ်ကြားက ဘေးလမိုင်းနဲ့ အေးကမ္ဘာရွာကြားမှာလုံခြုံရေးရယူထားတဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် မွန်းတည့် ၁၁ နာရီ ၅၀ လောက်မှာ ရေးမြို့နယ် စံပြနဲ့ နှင်းစုံးရွာကြားမှာ တော်လှန်ရေးပူးပေါင်းတပ်နဲ့ ခမရ ၆၁ နဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူး ဝင်းဦးအပါအဝင် စစ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ မြေပြင်သတင်းအရ သိရှိရပေမယ့် အတည်ပြုနိုင်ရေး စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီကနေ့ မနက် ၈ နာရီခွဲခန့်အချိန်ကလည်း ကလော့ကြီးကျေးရွာအနီး မောင်းနှင်လာတဲ့ စစ်ကောင်စီပွိုင့်ကားတစ်စီးကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားထိခိုက်မှုကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့ အမှတ် ၃ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးက ဆိုပါတယ်။
မော်လမြိုင်-ထားဝယ် ကားလမ်းမကြီးကို အခုလ ၁၅ ရက်နေ့ကစပြီး KNLAနဲ့ PDF ပူပေါင်းတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူတာ၊ စစ်ဆေးတာတွေပြုလုပ်နေတာဖြစ်ပါတယ်။
The Tanintharyi Times
