ထားဝယ်ကနေ သရက်ချောင်းဘက်ကိုဆင်းတဲ့ စစ်ကားတွေပေါ်ကနေ လမ်းတစ်လျှောက်လက်နက်ကြီးတွေနဲ့ပစ်ခတ်

ထားဝယ်ကနေ သရက်ချောင်းဘက်ကိုဆင်းတဲ့ စစ်ကားတွေပေါ်ကနေ လမ်းတစ်လျှောက်လက်နက်ကြီးတွေနဲ့ပစ်ခတ်

ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ်ကို ဒီနေ့မနက်ပိုင်းက ဆင်းတဲ့စစ်ကားတွေပေါ်ကနေ လမ်းတစ်လျှောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီနေ့ မနက် ၈ နာရီဝန်းကျင်က အင်အားအများအပြားပါတဲ့ စစ်ကားနှစ်စီးထက်မနည်း စုံစင်ဖျားရွာကိုရောက်လာပြီး မီးသတ်ရုံးမှာ တပ်စွဲထားတယ်လို့ဒေသခံတွေကဆိုပါတယ်။

အဲဒီစစ်ကားတွေဟာ ပိတိုင်ရွာကနေစပြီးလမ်းတစ်လျှောက်ပစ်ခတ်ခဲ့သလို စုံစင်ဖျားရွာမီးသတ်ရုံးမှာ တပ်စွဲပြီးတဲ့အချိန်မှာလည်းပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

” ခြံရှင်းမလို့သွားတာ ခြံမခုတ် ဘဲ ပြန်ပြေးလာရတယ်၊ လက်နက်ကြီးအသံတွေသီးသန့်ကို အချက် ၃၀ ကျော်ပြီ” လို့ စုံစင်ဖျားရွာအနီး နေထိုင်တဲ့ ရွာသားတစ်ဦးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အနီးအနားရွာက ဥယျာဥ်ခြံ လုပ်နေတဲ့ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

ဇွန်လ ၃ ရက်နေ့ကလည်း ထားဝယ်ကနေ စုံစင်ဖျားရွာဘက်ကိုဆင်းတဲ့စစ်ကားတွေနဲ့ တပ်စွဲထားတဲ့နေရာကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့လို့ ပြည်သူသုံးဦးထိမှန်သေဆုံးခဲ့ပါတယ်။

စုံစင်ဖျားရွာဟာ သရက်ချောင်းမြို့နယ်မှာ မကြာခဏတိုက်ပွဲဖြစ်ပွားဖူးတဲ့ တောင်ပျောက်တိုက်နယ်ကို သွားတဲ့လမ်းပေါ်မှာ တည်ရှိပါတယ်။

တောင်ပျောက်တိုက်နယ်ကိုသွားတဲ့ နောက်တစ်လမ်းဖြစ်တဲ့ စော်ဖျား၊ အင်းပြား၊ လောင်းမင်းဖရွာတွေဘက်မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့ပါတယ်။

The Tanintharyi Times