စစ်မှုထမ်းဥပဒေကြောင့် သက်ရောက်မှုများ

စစ်မှုထမ်းဥပဒေကြောင့် သက်ရောက်မှုများ

မြန်မာနိုင်ငံဟာ အခုချိန်မှာ သမိုင်းရဲ့အချိုးအကွေ့တခုကို ဖြတ်သန်းနေရချိန်ပါ။ နိုင်ငံရဲ့အာဏာကို မတရားတဲ့နည်းနဲ့ သိမ်းယူခဲ့တဲ့ စစ်တပ်ကို အများပြည်သူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ လက်တွဲပြီး နိုင်ငံအနှံ့ပြားမှာ ပြန်လည်တော်လှန်နေတဲ့ ကာလဖြစ်ပါတယ်။

ဒီလိုကာလမျိုးမှာ ၂၀၁၀ ခု ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးဖို့ ထုတ်ပြန်လိုက်ခြင်းကြောင့် ဘယ်လောက်ထိ သက်ရောက်နိုင်သလဲ ဘာတွေ ရိုက်ခတ်နိုင်သလဲ။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့သူပေါင်း ၁၄ သန်းလောက်ရှိတယ်လို့ သိရပါတယ်။ အမျိုးသား ၆ သန်းကျော်နဲ့ အမျိုးသမီး ၇ သန်းကျော် ပါဝင်နေပါတယ်။

ဒီ ၁၃ သန်းကျော်ဟာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်လူရွယ်တွေပါ။ ဒါတောင် ကျွမ်းကျင်သူလို့ သတ်မှတ်ခြင်းခံရပြီး စစ်မှုထမ်းဖို့ အကျုံးဝင်သူ အရေအတွက် မပါသေးပါဘူး။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၂၀၁၉ ခုထိ စာရင်းတွေအရ ၅၆ သန်းကျော် ရှိတာမို့ အကျုံးဝင်သူ ၁၄ သန်းလောက်ဟာ လူဦးရေစုစုပေါင်းရဲ့ လေးပုံတစ်ပုံ ရှိနေပါတယ်။  

အဲ့တော့ ၂၀၁၀ ခု ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံ့လူဦးရေရဲ့ လေးပုံတစ်ပုံအပြင် အဲ့ဒီလေးပုံတပုံနဲ့ ဆက်စပ်နေတဲ့အခြားသူတွေ အပေါ် သက်ရောက်မှု ရိုက်ခတ်မှု ရှိတယ်လို့ ဆိုရမှာပါ။ ဒီပမာဏဟာ နည်းနည်းနောနော မဟုတ်ပါဘူး။ အထူးသဖြင့် လူငယ်တွေအပေါ် သက်ရောက် ရိုက်ခတ်မှာ ဖြစ်ပါတယ်။
ဘာတွေရိုက်ခတ်နိုင်သလဲဆိုတာ ဆွေးနွေးကြရအောင်ပါ။

စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံ့လူဦးရေရဲ့ လေးပုံတပုံအပြင် အဲ့ဒီလေးပုံတပုံနဲ့ ဆက်စပ်နေတဲ့အခြားသူတွေရဲ့ စိတ်မလုံခြုံမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ ရှိကြမှာ အသေချာပဲဖြစ်ပါတယ်။ နိုင်ငံအနှံ့အပြားမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြားထဲမှာ ပြည်သူတဦးတယောက်ကမှ စစ်မှုထမ်းဖို့ အာသီသရှိမယ်မထင်ပါဘူး။ စိတ်မလုံခြုံမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေရဲ့နောက်ဆက်တွဲ ပြဿနာတွေကလည်း မှန်းဆလို့မရနိုင်အောင် ကြီးမားလှပါတယ်။ စစ်မှုမထမ်းချင်လို့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံတဲ့ သတင်းတွေက သက်သေပဲ ဖြစ်ပါတယ်။

စိတ်မလုံခြုံမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကြောင့် သန်းပေါင်းများစွာသော လူတွေ အထူးသဖြင့် လူငယ်တွေထဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ လူမှုပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ၂၀၁၀ ခု ပြည်သူ့စစ်မှုထမ်းဥပဒေဟာ မြန်မာနိုင်ငံရဲ့ လူငယ်သန်းပေါင်းများစွာကို စိတ်မကျန်းမာသော လူအဖွဲ့စည်းဖြစ်လာအောင် အတင်းအဓမ္မ တွန်းပို့နေသလို ဖြစ်ပါတယ်။

အစစအရာရာ ချို့တဲ့ပြီး အလုပ်ကိုင်အခွင့်လမ်း နည်းပါးခြင်းကြောင့် အရင်ကတည်းကမှ နိုင်ငံ့ပြင်ပသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် အင်အားအလုံးအရင်းနဲ့ ထွက်နေကြတဲ့ မြန်မာနိုင်ငံဟာ အခုလို စစ်မှုထမ်းဥပဒေ အသက်ဝင်လာပြီးနောက်မှာ အဆိုးရွားဆုံးအခြေနေကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

စစ်မှုမထမ်းလိုခြင်းကြောင့် တရားဝင်ရော တရားမဝင်ပါ ပုံစံအမျိုးမျိုးနဲ့ နိုင်ငံတွင်းကနေ ထွက်ခွါနေကြပါပြီ။ Brain Drain လို့ခေါ်တဲ့ ဦးနှောက်ယိုစီးခြင်းဒဏ်ကို မြန်မာဟာ အနာဂတ်မှာ သိသိသာသာ ခံကြရဦးမှာ ဖြစ်ပါတယ်။

စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ ၁၄ သန်းလောက်ဟာ တကယ့်အရွယ်ကောင်းတွေပါ။ အဲ့ဒီထဲမှာ ဘက်စုံကနေ သန်မာတဲ့ တတ်ကြွတဲ့ နုပျိုမြစ်တဲ့ လုပ်အားတွေ ရှိပါတယ်။ ၁၄ သန်းသော လုပ်အားတွေဟာ စစ်မှုထမ်းလိုက်ရခြင်း၊ စစ်မှုမထမ်းလိုတာကြောင့် တခြားနိုင်ငံတွေဆီသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ပြောင်းရွှေ့လုပ်ကိုင်နေကြခြင်းတွေကြောင့် ရေရှည်မှာ နိုင်ငံ့စီးပွားရေးကို ထိခိုက်လာမှာပါ။

စစ်မှုထမ်းဖို့အတွက် ကင်းလွတ်ခွင့်တွေကို ဥပဒေမှာ ပြဌာန်းထားပါတယ်။ စစ်မှုထမ်းဖို့ ပထမအသုတ် စခေါ်ခေါ်ခြင်းမှာပဲ ကျယ်ကျယ်လောင်လောင် ကြားနေရတာကတော့ မထမ်းချင်သေးရင် ဘယ်သူ့ကို ငွေဘယ်လောက်ပေးရတယ်ဆိုတဲ့ သတင်းတွေပါပဲ။ စစ်မှုထမ်းဥပဒေ အသက်ဝင်လာတာကို အကြောင်းပြုပြီး နိုင်ငံအနှံ့မှာ အဂတိတွေ ရှိလာတာပါ။ နောင်လည်း ဒီလိုဖြစ်ရပ်တွေ ဆက်ကြားသိနေရဦးမှာပဲ ဖြစ်ပါတယ်။

စစ်မှုမထမ်းလိုတဲ့ လူအစုလိုက်အပြုံလိုက်ဟာ အိမ်နီးခြင်းနိုင်ငံတွေကို နယ်စပ်တွေကတဆင့် ထွက်ခွါကြတဲ့အခါ မသိနားမလည်တဲ့ လူတွေအပေါ် လူကုန်ကူးတာ၊ ခေါင်းပုံဖြတ်တာ၊ တရားမဝင်ပို့ဆောင်တာတွေကြုံလာရနိုင်ပါတယ်။ အခုလည်း ဒုနဲ့ဒေး ရှိနေပါပြီ။ ဒါတွေဟာ နယ်စပ်ဖြတ်ကျော်မှုခင်းအမျိုးအစားတွေပဲ ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော်မှုခင်းတွေကြောင့် နယ်စပ်မတည်ငြိမ်မှုတွေ ဖြစ်လာစေနိုင်ပြီး အိမ်နီးချင်းနိုင်ငံတွေ အဲ့ဒီကမှတဆင့် ဒေသတွင်းနိုင်ငံတွေဆီထိပါ မတည်ငြိမ်မှုတွေ ကူးစက်လာနိုင်ပါတယ်။ ဒါဟာ စစ်မှုထမ်းဥပဒေ အသက်ဝင်မှုကြောင့် နောက်ဆက်တွဲပြဿနာအဖြစ် မြန်မာနိုင်ငံတွင်းသာမကပဲ စစ်မှုထမ်းဥပဒေအသက်ဝင်ခြင်းရဲ့ ဝန်ထုတ်ဝန်ပိုးကို အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေကပါ ထမ်းရမဲ့ အခြေအနေဖြစ်ပါတယ်။

စစ်အာဏာသိမ်းခေါင်းဆောင်ရဲ့ ရူးကြောင်ကြောင်အတွေးနဲ့ အသက်ဝင်ဖို့ ပြဌာန်းလိုက်တဲ့ ၂၀၁၀ ခု ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ မြန်မာနိုင်ငံကို  ဒုက္ခတွင်းထဲကို ပိုပြီး ရောက်သွားစေသလို အိမ်နီးချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေကိုပါ အဲ့ဒီဒုက္ခတွေက ကူးစက် ပေကျံစေမှာ ဖြစ်ပါတယ်။

ကိုဗလ

The Tanintharyi Times