လောင်းလုံးရဲစခန်းရှေ့မှာ အစစ်အဆေးတင်းကြပ်နေသလို လမ်းသွားလမ်းလာဆီကအကြောင်းပြငွေတောင်းနေ

လောင်းလုံးရဲစခန်းရှေ့မှာ အစစ်အဆေးတင်းကြပ်နေသလို လမ်းသွားလမ်းလာဆီကအကြောင်းပြငွေတောင်းနေ

ဓာတ်ပုံ - လောင်းလုံးမြို့နယ်ခန်းမအနီး(ပုံဟောင်း)

လောင်းလုံးမြို့မရဲစခန်းရှေ့မှာ အခုတစ်ပတ်အတွင်း အစစ်အဆေးတင်းကြပ်နေပြီး လမ်းသွားလမ်းလာတွေဆီကအကြောင်းပြ ငွေကြေးတောင်းခံတာတွေ ပြန်လည်လုပ်ဆောင်လာနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

“သူတို့စစ်နေကျက လောင်းလုံးရဲစခန်း၊ မြို့တော်ခန်းမနဲ့ ညောင်ပင်လမ်းဆုံတွေပဲ။ အခုတစ်ပတ်အတွင်းကတော့ နေ့တိုင်းထွက်စစ်တယ်။ မစစ်ဆေးခင်နဲ့ စစ်ဆေးပြီးချိန် ကားနဲ့မြို့ထဲလှည့်သေးတယ်” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ရဲစခန်းရှေ့မှာ စစ်ကောင်စီတပ်သားနဲ့ရဲ ၁၀ ဦးဝန်းကျင်လောက်က လမ်းသွားလမ်းလာတိုင်းကိုစစ်ဆေးမေးမြန်းပြီး အမျိုးသားတွေကိုတော့ ပိုပြီး စစ်ဆေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆိုင်ကယ်လိုင်စင် နဲ့ ယာဥ်မောင်းလိုင်စင်တွေကိုပါစစ်ဆေးနေပြီး တရားရုံးကိုဆင့်ခေါ်တာမျိုးမဟုတ်ဘဲ နေရာမှာပဲပိုက်ဆံတောင်းခံတာကို ပြုလုပ်တယ်လို့ သိရပါတယ်။

မြို့ခံ နောက်တစ်ဦးကတော့ “ယာဥ်လိုင်စင်သက်တမ်း လေးငါးရက်လွန်တာကိုတောင် သုံးသောင်းတောင်းခဲ့တယ်။ နောက်ထပ်အမျိုးသမီးတစ်ယောက်ကိုဆိုရင် လိုင်စင်သက်တမ်းတိုးထားလို့မိတ္တူပြတာတောင်လွှင့်ပစ်တယ်” လို့​ပြောပါတယ်။

လမ်းသွားလမ်းလာတွေမှာ လိုင်စင်အပြည့်အစုံရှိရင်လည်း လက်ဖက်ရည်ဖိုးအကြောင်းပြတောင်းယူတာနဲ့ စျေးသည်တွေဆီက အစားအသောက်တွေတောင်းယူတာတွေကိုလည်း ပြုလုပ်နေတယ်လို့သိရပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း ညောင်ပင်လမ်းဆုံနဲ့ လောင်းလုံးရဲစခန်း အရှေ့နဲ့အနောက် နှစ်နေရာလုံးမှာ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒါ့အပြင် လောင်းလုံးနဲ့ထားဝယ်ကို ဆက်ထားတဲ့ ကမျောကင်းတံတားမှာလည်း ဒီကနေ့မနက်ပိုင်းက လမ်းသွားလမ်းလာတွေကို အစစ်အဆေးတင်းကြပ်နေတယ်လို့ သိရပါတယ်။

The Tanintharyi Times