စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် မပေါက်ကွဲသေးဘဲ မြိတ် – တနင်္သာရီ ကားလမ်းမပေါ်မှာ စိုက်ဝင်နေ
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် မပေါက်ကွဲသေးဘဲ မြိတ် – တနင်္သာရီ ကားလမ်းမပေါ်မှာ စိုက်ဝင်နေ
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တစ်ခုဟာ မပေါက်ကွဲသေးဘဲ မြိတ်-တနင်္သာရီကားလမ်းမပေါ်မှာ စိုက်ဝင်နေတာကြောင့် ခရီးသွားတွေ အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ကျည်စိုက်ဝင်နေတဲ့ နေရာက တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ ပြင်ဝန်းရွာအနီးက ကားလမ်းမ နေရာမှာဖြစ်ပြီး အဆိုပါကားလမ်းဟာ အဝေးပြေးခရီးသည်ကားတွေ၊ ကုန်ကားတွေ၊ လူနာတင်ကားတွေအပါအဝင် ယာဉ်မျိုးစုံဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
လက်နက်ကြီးကျည်ဟာ ၈၁ မမလက်နက်ကြီးကျည်အမျိုးအစားဖြစ်ပြီး ဇဝဲရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၅၆)က အခုလ ၁၉ ရက်နေ့က ပစ်ခတ်ခဲ့တဲ့ကျည်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကားဆရာတွေက စကစတပ်သားတွေ(ဇဝဲဂိတ်)ကိုပြောတာ၊ အမိန့်မရလို့ သွားမဖယ်တာလို့ပြောတယ်”လို့ ခရီးသည်တင်ကားသမားတွေနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ပြောပါတယ်။
မပေါက်ကွဲသေးဘဲ လမ်းမပေါ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီကျည်အနီးတဝိုက်မှာ သစ်ချောင်း၊ သံပုံးလေးတွေနဲ့အမှတ်အသားပြုလုပ်ထားတာကိုလည်း တနင်္သာရီတိုင်းက ရရှိတဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ အန္တာရာယ်များတဲ့ အဲ့ဒီနေရာကိုရွာသားတွေမသွားရဲတာကြောင့် ဒီအမှတ်အသားတွေကို စစ်ကောင်စီတပ်သားတွေက လာလုပ်ထားတာဖြစ်နိုင်တယ်လို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။
ကျည်စိုက်နေတဲ့နေရာဟာ ကားလမ်းမရဲ့ အကွေ့နေရာမှာ ရှိနေတာကြောင့် ကျည်ရှိနေတာမသိဘဲ အရှိန်နဲ့လာတဲ့ယာဥ်တွေဆိုရင် ဝင်တိုက်မိမှာစိုးရိမ်ရတဲ့ အနေအထားဖြစ်နေတယ်လို့လည်း သူက သတိပေးပါတယ်။
ကျည်ပေါက်ကွဲနိုင်မှု အခြေအနေနဲ့ သက်ရောက်မှုရှိနိုင်တဲ့အကွာအဝေးကို KTLA – tcjf အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ကိုက်၅၀လောက်ထိ ထိရောက်မှုရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။
ပြင်ဝန်းရွာဟာ မြိတ်-တနင်္သာရီကားလမ်းမကြီးပေါ်မှာ ရှိတာဖြစ်ပြီး ၈၁ မမကျည်စိုက်နေတဲ့ နေရာက ရွာရဲ့လူနေအိမ်တွေနဲ့ အနည်းငယ်အလှမ်းဝေးတယ်လို့ သိရပါတယ်။
ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက ရရှိတဲ့အချက်အလက်တွေအရ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအများဆုံးမြို့နယ်တွေဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေဖြစ်ပါတယ်။
အဲဒီမြို့နယ်က ပြည်သူတွေဟာ နေအိမ်မှာရှိနေချိန်၊ ခြံထဲမှာ အလုပ်လုပ်နေချိန်တွေမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ထိမှန်ပြီး ထိခိုက်၊ သေဆုံးမှုအများဆုံး ဖြစ်နေပါတယ်။
စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်ခဲ့လို့ ပေါက်ကွဲတဲ့ကျည်တွေရှိခဲ့သလို အခုလိုမပေါက်ကွဲသေးတဲ့ကျည်တွေလည်း ကားလမ်းမတွေနဲ့ ဥယျာဥ်ခြံတွေထဲမှာ ရှိနေတာကြောင့် ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ခြံထဲမသွားရဲတာတွေလည်း ကြုံနေရပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကတော့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ စွန့်ပစ်ထားခဲ့တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေက အချိန်မရွေးပေါက်ကွဲနိုင်တာကြောင့် ကိုင်တွယ်တာ၊ စုဆောင်းတာ၊ တစ်စုံတစ်ရာနဲ့ ပစ်ပေါက်တာ၊ နေရာရွေ့တာတွေ မပြုလုပ်ဖို့ သတိပေးထားပါတယ်။
The Tanintharyi Times
