ထားဝယ်ထောင်မှာ အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိနေ
ထားဝယ်ထောင်မှာ အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိနေ

ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးပုဒ်မအမျိုးမျိုးနဲ့အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်ရှိနေတယ်လို့ နိုင်ကျဥ်းများကွန်ရက် DPPNက သတင်းထုတ်ပြန်ပါတယ်။
ထားဝယ်ထောင်ထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအမှုတွေနဲ့ထောင်ချခံထားရတဲ့ အမျိုးသား ၂၀၁ယောက် ရဲ့အမည်စာရင်းနဲ့ သူတို့ရဲ့ထောင်ဒဏ်ကျခံထားရတဲ့ နှစ်အရေအတွက်ကို အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီစာရင်းဟာ အခုသြဂုတ်လ ၂၂ရက်နေ့အထိနောက်ဆုံးရရှိထားတဲ့စာရင်းဖြစ်တယ်လို့သိရပါတယ်။
” ဒါအခု ထောင်ကြီးဝင်းထဲမှာရှိနေတဲ့အကျစာရင်းပါ။ အပြင်က ထောင်ကွာရတင်းမှာလည်းအနည်းငယ်ထပ်ရှိနိုင်ပါတယ်။ အမျိုးသမီးစာရင်းကိုလည်းမကြာခင် ထုတ်ပြန်ပါ့မယ်” လို့ DPPN အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
တာဝန်ရှိသူပြောပြတဲ့ ထောင်ကွာရတင်းဆိုတာ ထောင်ဝန်းကြီးထဲက ထောင်မကြီးထဲ မပို့ခင် အပြင်အဆောက်အဦးမှာ ခဏ ဒါမှမဟုတ် နှစ်ပတ်ခန့်ထားတဲ့ နေရာကို ပြောတာပါ။
ဒါ့အပြင် တရားရင်ဆိုင်ဆဲနိုင်ငံရေးအကျဥ်းသား အမျိုးသား ၁၀၀ ဝန်းကျင်နဲ့ အမျိုးသမီး ၃၀ ဝန်းကျင်ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။
အဲဒီထဲက သော့ကြာပြင်ကျေးရွာမှာနေထိုင်တဲ့ ကိုစောရွေနဲ့ ကိုစိုးမင်းထွေးတို့ကတော့ တစ်ထောင်လုံးမှာအမြင့်ဆုံးထောင်ဒဏ်ဖြစ်တဲ့ တစ်သက်တစ်ကျွန်းထောင်ဒဏ်ကို ချမှတ်ခံထားရတာပါ။
စစ်ကောင်စီတပ်တွေဖမ်းဆီးချိန် လက်မောင်းမှာသေနတ်ဒဏ်ရာရရှိပြီး ထားဝယ်ထောင်မှာ ထောင်ဒဏ် ၁၁နှစ်အမိန့်ချမှတ်ခံထားရတဲ့ ကိုဝေယံဖြိုးကတော့ အင်းစိန်အကျဥ်းထောင်မှာဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
The Tanintharyi Times