လောင်းလုံးတိုက်ပွဲမှာ PDF ရဲဘော် ၃ ဦးကျဆုံး

လောင်းလုံးတိုက်ပွဲမှာ PDF ရဲဘော် ၃ ဦးကျဆုံး

လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာနဲ့ စခန်းကြီးရွာအကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ လောင်းလုံး PDF အဖွဲ့ကနေ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အခုလ ၁၂ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာဘက်ကိုဝင်ရောက်လာပြီး အနီးအနားရွာတွေကို စစ်ကြောင်းထိုးတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အခုလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ လောင်းလုံး PDF က ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးကျဆုံးခဲ့တာပါ။

“လက်နက်ကြီးထိတာမျိုးမဟုတ်ပါဘူး။ သုံးယောက်စလုံး သေနတ်ဒဏ်ရာနဲ့ကျတာပါ။ တိုက်ပွဲအခြေအနေအသေးစိတ်ကိုလည်း ကျနော်တို့ထုတ်ပြန်ဖို့ရှိပါတယ်” လို့ လောင်းလုံးPDF ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုအုန်းအုန်းကပြောပါတယ်။

ကျဆုံးခဲ့သူတွေကတော့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ကိုဘဲ့၊ ရဲဘော် F-0neနဲ့ ရဲဘော်ဝတုတ် တို့ဖြစ်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အာဇာနည် သူရဲကောင်းအဖြစ်မှတ်တမ်းတင်ဂုဏ်ပြုကြောင်း အမိန့်ပြန်တမ်းကြေညာပြီး သင်္ဂြိုဟ်ခဲ့တယ်လို့ဆိုပါတယ်။

ကျဆုံးရဲဘော်သုံးဦးစလုံးဟာ မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်း ပရိတ်သတ်တွေဖြစ်ပြီး သူတို့ကျသွားရင်မန်ယူအင်္ကျီထည့်ပေးဖို့မှာထားတဲ့အတွက် သူတို့ဆန္ဒအတိုင်း မန်ယူအင်္ကျီတွေနဲ့အတူ နောက်ဆုံးခရီးကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

The Tanintharyi Times