စစ်ကောင်စီက ဖိအားပေးတာတွေကြောင့် အသေးစားငွေချေးလုပ်ငန်းPGMF မြန်မာနိုင်ငံက လုပ်ငန်းရပ်ဆိုင်း ထွက်ခွာ
စစ်ကောင်စီက ဖိအားပေးတာတွေကြောင့် အသေးစားငွေချေးလုပ်ငန်းPGMF မြန်မာနိုင်ငံက လုပ်ငန်းရပ်ဆိုင်း ထွက်ခွာ
မြန်မာနိုင်ငံထဲမှာ လုပ်ငန်းလည်ပါတ်နေတဲ့ အသေးစားချေးငွေလုပ်ငန်း Pact Global Microfinance Fund ( PGMF)က အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကြောင့် မြန်မာနိုင်ငံမှာ အလုပ်ဆက်လုပ်ဖို့မဖြစ်နိုင်တော့ဘဲ ချေးငွေတွေကို လျော်ပစ်ကာ နိုင်ငံတွင်းကနေ လုပ်ငန်းပိတ်သိမ်းပြီး ထွက်ခွာတော့မယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
အာဏာသိမ်းစစ်ကောင်စီက PGMF လုပ်ငန်းဆက်လုပ်ဖို့အတွက်ဆိုရင် အဖွဲ့အစည်းရဲ့ အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို စစ်ကောင်စီထံ လွှဲပြောင်းပေးရမယ်လို့ တောင်းဆိုလာတဲ့အတွက် လုပ်ငန်းရုပ်သိမ်း ထွက်ခွာရတာလို့ PGMF ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varneyက ဆိုပါတယ်။
အခုလို စစ်ကောင်စီရဲ့တောင်းဆိုချက်ဟာ အမေရိကန် ပိတ်ဆို့အရေးယူမှု ဥပဒေကို ချိုးဖောက်မှုဖြစ်လာနိုင်တဲ့အချက် အပါအဝင် အကြောင်းအရင်းများစွာကြောင့် လိုက်နာဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ သူ့ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
PGMF အသေးစားချေးငွေလုပ်ငန်းအနေနဲ့ ချေးငှားသူ၈၉၀, ၀၀၀ ထံကရမယ့် ကြွေးမြီ ကန်ဒေါ်လာ ၁၅၆ သန်းကျော်ကို လျှော်ပစ်ပြီးနောက် အခုလို လုပ်ငန်း ပိတ်သိမ်းထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရှိရပါတယ်။
စစ်ကောင်စီက သူတို့တောင်းဆိုချက်အတိုင်းမလိုက်နာရင် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့နဲ့ ဒါမှမဟုတ် တရားမဝင်တဲ့ အဖွဲ့အစည်းအဖြစ်နဲ့ဘဲ ရှိနေစေမယ်ဆိုတဲ့ ဖိအားမျိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ ဝမ်းနည်းစွာနဲ့ပဲ ဒီနိုင်ငံမှာ လုပ်ငန်းလည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်တည်းက ချေးငှားသူနဲ့ ငွေစုသူ သိန်းပေါင်းများစွာအတွက် ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ ဒီအဖွဲ့အစည်းကို ခွင့်ပြုဖို့ မြန်မာအစိုးရကို နားချခဲ့ပါတယ်။ ကျွန်မတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် အစိုးရက နိုင်ငံကနေ ထွက်ရင်ထွက် ဒါမှမဟုတ် တရားမဝင် လုပ်ငန်းလည်ပတ်ဖို့ ဖိအားပေးခဲ့ပါတယ် ” လို့ PGMFရဲ့ ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varney က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က PGMFအနေနဲ့ ဒေသခံတွေကို ချေးငွေအသစ်တွေ ထပ်မထုတ်ပေးတော့ဖို့ စစ်ကောင်စီက ပိတ်ပင်လိုက်ချိန်နဲ့တစ်ပြိုင်နက် အဖွဲ့အစည်းထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ ဗီဇာတွေ ပယ်ချခံရတာတွေ၊ နိုင်ငံခြားငွေလဲလှယ်တာကိုချုပ်ကိုင်ပြီး ပြင်ပ ငွေအဝင်အထွက်တွေကို ကြိုတင်အကြောင်းမကြားဘဲ ပိတ်ပင်တာတွေ လုပ်ဆောင်လာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို စစ်ကောင်စီဖိအားပေးမှုကြောင့် လုပ်ငန်းပိတ်သိမ်း ထွက်ခွာသွားတဲ့ PGMF အသေးစားချေးငွေလုပ်ငန်းဟာ မြန်မာနိုင်အတွင်း ကျေးရွာပေါင်း ၁သောင်းခွဲက ဒေသခံ ၂.၃သန်းကို ၂၅နှစ်တိုင် ချေးငွေထုတ်ချေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။
The Tanintharyi Times
