တနင်္သာရီ-မောတောင်လမ်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ်တိုက်ခိုက်ခံရ၊ အသေအပျောက်များနိုင်
တနင်္သာရီ-မောတောင်လမ်းမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ်တိုက်ခိုက်ခံရ၊ အသေအပျောက်များနိုင်
တနင်္သာရီမြို့နယ် မောတောင်ဘက်ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း လမ်းတလျှောက်မှာ ၂ ကြိမ်တိုက်ခိုက်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။
အခုတိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာ မောတောင်တပ်စခန်းကနေ တပ်သားအပြောင်းအလဲပြုလုပ်ကာ ပြန်ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အင်အား ၁၀၀ ကျော်ရှိတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါတယ်။
မနေ့ကမနက်ပိုင်းမှာ အဲဒီစစ်ကြောင်း ထုံခါ-မောတောင်လမ်းအတိုင်း ပြန်ထွက်လာချိန် သဲဖြူရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
“ဖြစ်တာကတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ပါ။ စစ်တပ်ဘက်က အသေအပျောက်များပါတယ်။ အသေးစိတ်အတည်မပြုနိုင်သေးဘူး” လို့တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်တွေ ဆက်လက်ထွက်ခွာလာချိန် သိန်ခွန်းရွာနဲ့ ချောင်းနှစ်ပေါက်ရွာကြားမှာလည်း ဗိုလ်စူပါတို့အဖွဲ့က ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ချက်အရသိရပါတယ်။
အခုတိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာ မောတောင်လမ်းပိုင်းကို စတင်ဝင်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့မတ်လ ၂၈ရက်ကစပြီး အခုလ ဒုတိယပတ်အထိ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ အပြင်းအထန်တိုက်ခိုက်တာကိုခံခဲ့ရပါသေးတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာလည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့သိရပါတယ်။
မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ တော်လှန်ရေးအင်အားစုတွေဘက်က သွားလာခွင့် ယာယီတားမြစ်ထားတဲ့ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်ပါတယ်။
မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းအပိုင်းကိုလည်း အရင်ကတားမြစ်ထားတဲ့အတိုင်း ခရီးသွားပြည်သူတွေ အန္တရာယ်မဖြစ်ပေါ်စေဖို့အတွက် အသုံးပြုခွင့်မပေးသေးဘူးလို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးထားပါတယ်။
တနင်္သာရီမြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်တစ်ခုဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျေးရွာအုပ်စု ၅ခုထက်မနည်းက ဒေသခံပြည်သူ တစ်သောင်းနီးပါးစစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေကနေသိရပါတယ်။
The Tanintharyi Times
