မွန်ပြည်ဖက်ဒရယ်ကောင်စီ ဒုတိယအကြိမ် ညီလာခံ ကျင်းပမယ်
မွန်ပြည်ဖက်ဒရယ်ကောင်စီ ဒုတိယအကြိမ် ညီလာခံ ကျင်းပမယ်
မွန်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFCရဲ့ ဒုတိယအကြိမ် ညီလာခံကို နှစ်ရက်ကြာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မနက်ဖြန် ၂၈ ရက်ကနေ ၂၉ ရက်နေ့အထိကျင်းပမဲ့ ဒုတိယအကြိမ် ညီလာခံမှာ တနှစ်တာ လုပ်ငန်းစဉ် သုံးသပ်ဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့၊ MSFC အဖွဲ့ဝင်တွေနဲ့ မွန်ပြည်တွင်း အခြေစိုက်တဲ့ တော်လှန်ရေးအင်အားစုတွေ မွန်ပြည်ဖက်ဒရယ်အရေးမှာ ပူးပေါင်းပါဝင်ခွင့် ရှိဖို့ ဆိုတဲ့ အချက်တွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
မွန်တော်လှန်ရေး လက်နက်ကိုင်တပ်တွေကို မဟာမိတ်အနေနဲ့ ဖွဲ့စည်းဆောင်ရွက်သွားဖို့ကိုလည်း ညီလာခံမှာ ဆွေးနွေးသွားမယ်လို့ MSFC၊ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“စစ်ရေး နိုင်ငံရေးလုပ်ငန်းတွေမှာ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိနိုင်မလဲ၊ ရနိုင်မလဲ ဆိုတဲ့ အချက်တွေလည်း ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တပ်တွေအတွက် လက်နက်ပစ္စည်းမဟုတ်တဲ့ တခြားလိုအပ်ချက်တွေ ကူညီပေးနိုင်ဖို့ တတ်နိုင်သလောက် ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ ညီလာခံမှာ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာပဲ အဓိကထား ဆွေးနွေးသွားမယ်” လို့ နိုင်မွန်စိုင်းက ပြောပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာမှု အကူအညီတွေကို မွန်ပြည်နယ် မြောက်ပိုင်းကနေ တောင်ပိုင်းအထိ လုပ်ဆောင်နေသလို မွန်နဲ့ ဆက်စပ်ဒေသဖြစ်တဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာလည်း ဆောင်ရွက်နေတယ်လို့ MSFC၊ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက ဆိုပါတယ်။
အခု ကျင်းပမယ့် ညီလာခံမှာတော့ MSFC အကြောင်းကို ပြည်သူတွေ ပိုမိုသိရှိလာဖို့၊ MSFC ရဲ့ နိုင်ငံရေးရည်မှန်းချက်၊ လမ်းပြမြေပုံတွေကို စုပေါင်းခေါင်းဆောင်မှုနဲ့ အကောင်အထည်ဖော်နိုင်ဖို့၊ မွန်ပြည်အတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆုံးဖြတ်ချက်ချမှတ်ဖို့ ဆိုတဲ့ အချက်တွေကိုလည်း ဆွေးနွေးသွားကြမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
လက်ရှိမှာတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ လက်အောက်ခံ မွန်ပြည်တော်လှန်ရေးတပ် MSRF ရှိနေပြီး MSFC အနေနဲ့ မွန်တပ်တွေကို ငွေကြေးနဲ့ လက်နက်မဟုတ်သော အကူအညီတွေ ထောက်ပံ့နေတာ ရှိပေမယ့် လိုအပ်တွေ များပြားနေဆဲ ဖြစ်တယ်လို့ နိုင်မွန်စိုင်းက ပြောဆိုပါတယ်။
“ကျနော်တို့နဲ့ နီးနီးကပ်ကပ်ရှိနေတဲ့ မွန်ပြည်တော်လှန်ရေးတပ်အပြင် တခြားတပ်တွေမှာလည်း အခက်အခဲတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ တော်လှန်ရေးလုပ်ငန်းမှာ လိုအပ်တဲ့ ငွေကြေးတွေ လိုအပ်တဲ့ပစ္စည်းတွေ အများကြီးရှိနေတယ်” လို့ သူက ပြောပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ ဒုတိယအကြိမ် ညီလာခံကို မွန်ပြည်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်ပရောက်မွန်အဖွဲ့အစည်းတွေ၊ တခြားသော တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေ စတဲ့ အဖွဲ့အစည်းတွေကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပထမအကြိမ်ညီလာခံကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။
The Tanintharyi Times
