တနင်္သာရီမှာ သီတင်းကျွတ်လပြည့်နေ့အထိ မိုးရွာဦးမယ်

တနင်္သာရီမှာ သီတင်းကျွတ်လပြည့်နေ့အထိ မိုးရွာဦးမယ်

မြန်မာနိုင်ငံကနေ မုတ်သုံလေ ဆုတ်ခွါသွားပြီ ဖြစ်ပေမယ့် တနင်္သာရီတိုင်းမှာတော့ သီတင်းကျွတ်လပြည့်နေ့အထိ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ မိုးလေဝသဌာနတွေက သတင်းထုတ်ပြန်ထားပါတယ်။

လာမယ့် ၂၉ ရက်နေ့အထိ နေရာကျဲကျဲ မိုးရွာနိုင်တဲ့ ဒေသတွေထဲမှာ တနင်္သာရီတိုင်း အပါအဝင်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေလည်း ပါဝင်တယ်လို့ NUG ရဲ့ မိုးဇလက ထုတ်ပြန်အသိပေးထားပါတယ်။

တနင်္သာရီ၊ သရက်ချောင်း၊ ပုလောနဲ့ ထားဝယ်မြို့နယ်တွေမှာ အခုရက်ပိုင်း မိုးနည်းနေပြီး ရေဖြူမြို့နယ်၊ ကျောက်ရှပ်ကျေးရွာအုပ်စု ဟိန်းဇဲရွာမှာတော့ မနေ့ညပိုင်းက မိုးရွာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သူလယ်သမားတွေကတော့ မိုးလေဝသသတင်းကိုနားမထောင်နိုင်ဘဲ စစ်ရေးသတင်းကိုပဲ နားစွင့်ပြီး အလုပ်လုပ်နေကြရတယ်လို့ စစ်ကြောင်းဝင်လို့ စစ်ဘေးရှောင်ထွက်ပြေးနေရတဲ့ ကျွဲမင်းကုန်းရွာသားတစ်ဦးက ပြောပါတယ်။

“မိုးလေဝသသတင်းတွေဘယ်သူမှလည်း လိုက်နားမထောင်နိုင်ဘူး။ သိလည်းမသိကြဘူး။ ဒီအကြောင်းတွေ လိုက်ဆော်သြပေးမယ့်သူတွေလည်းမရှိဘူး။”လို့ သူက ဆိုပါတယ်။

အနောက်တောင်မုတ်သုံလေဟာ အခုလ ၂၂ ရက်နေ့ကတည်းက မြန်မာနိုင်ငံတစ်ခုလုံးက ဆုတ်သွားခဲ့ပြီဖြစ်ပါတယ်။

အရှေ့နဲ့ အရှေ့မြောက်ပိုင်းကလေအေးတွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်းကို အခုလ ၂၉ ရက် သီတင်းကျွတ်လပြည့်နေ့မှာ စတင်တိုက်ခိုက်နိုင်တယ်လို့ NUG မိုးဇလက ခန့်မှန်းထားသလို မြန်မာနိုင်ငံတောင်ပိုင်းကိုတော့ အရှေ့တောင်လေတွေ တိုက်ခိုက်နိုင်တယ်လို့ အသိပေးထားပါတယ်။

The Tanintharyi Times