စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေစာရင်း PPNM ထုတ်ပြန် ၊ အရေးယူပေးဖို့ တော်လှန်ရေးအင်အားစုတွေကို တောင်းဆို

စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးအရာရှိဝန်ထမ်းတွေစာရင်း PPNM ထုတ်ပြန် ၊ အရေးယူပေးဖို့ တော်လှန်ရေးအင်အားစုတွေကို တောင်းဆို

အကျဉ်းသား အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဥ်းဦးစီးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိအပါ ဝန်ထမ်း ၁၃၀ ကျော်ရဲ့အမည်၊ ရာထူးနဲ့ မှတ်ပုံတင်နံပါတ်အချက်အလက်နဲ့တကွ PPNM ကဖော်ထုတ်ပြီး တင်းကြပ်စွာသတိပေးခဲ့ပါတယ်။

လုံခြုံရေးတာဝန်ယူထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လမ်းပိုင်းတွေမှာ စစ်ဆေးနိုင်ဖို့ ကနဦး ထုတ်ပြန်လိုက်တာဖြစ်ပြီး စစ်ဆေးဖမ်းဆီးအရေး ယူပေးဖို့ကိုလည်း PPNM က တောင်းဆိုထားပါတယ်။

” ၂၀၂၅ ဇန်နဝါရီ ကစပြီး‌ထောင်အာဏာ‌တွေ ရဲ့ အမည်စာရင်းတွေကို ဖော်ထုတ်ခဲ့တာရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ လုံခြုရေးအကန့်အသတ်ကြောင့် သတင်းအချက်အလက်ရရှိမှုက ကန့်သတ်မှုအများကြီးရှိခဲ့တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ စာရင်း list အပါအဝင် စစ်ကောင်စီစာရင်းပေါက်ကြားလာတဲ့အခါမှာ မှတ်တမ်းတချို့ရရှိခဲ့တယ်။ ရရှိမှုအချက်အလက်ကိုစိစစ်တဲ့အခါမှာမှန်ကန်တာကိုတွေ့ရတယ်။ ဒါကြောင့်ဒီအချက်လက်တွေကို အဓိက သက်ဆိုင်ရာအကျဉ်းထောင်တွေမှာနေထိုင်ခဲ့တဲ့သူတွေနဲ့အတူတူစာရင်း စိစစ်မှုပြုလုပ်ပြီး အရေးကြီးတဲ့နေရာမှာတာဝန်ယူထားကြတဲ့ အမည်စာရင်းကိုကနဦး ဖော်ပြတာပါ။တရားမျှတမှုဖော်ဆောင်ရေးကဏ္ဍမှာလည်း တာဝန်ယူမှုအပြည့်အဝ ခံယူရမယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက Connect Burma ကိုပြောပါတယ်။

အခုဖော်ပြထားတဲ့ စာရင်းတွေက ပထမအကြိမ် ထုတ်ပြန်တဲ့ ဝန်ထမ်းအချက်အလက်ဖြစ်ပြီး၊ အခြားအဆင့်ဝန်ထမ်းများနှင့် ချုပ်ကိုင်သူတွေရဲ့ အချက်အလက်တွေကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေထံကို လျှို့ဝှက်စွာပေးပို့သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဥ်းဦးစီးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှူးချုပ်အပါ အရာရှိဝန်ထမ်း စုစုပေါင်း ၁၃၄ ဦးရဲ့ အမည်၊ ရာထူးနဲ့ မှတ်ပုံတင်နံပါတ်တွေနဲ့တကွ ဖော်ထုတ်အသိပေးခဲ့တာပါ။

ဖော်ပြထားတဲ့သူတွေဟာ အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ဥပဒေမဲ့ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ထောင်ပြောင်းရွှေ့မှုတစ်ခုခြင်းဆီတိုင်းအတွက် တရားမျှတမှုဖော်‌ဆောင်ရေးကဏ္ဍတွင် တာဝန်ယူမှုကို အပြည့်အဝ ခံယူကြရမှာဖြစ်တယ်လို့လည်းပြင်းပြင်းထန် ထန် အသိပေးထားတာဖြစ်ပါတယ်။

ဒါ့ ပြင်အကျဉ်းထောင်အသီးသီးမှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးနှိပ်စက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆေးဝါးကုသခွင့်အပါအဝင် လူ့အခွင့်အရေးတွေပေးဖို့ ‘အသက်တွေကိုပိတ်မထားနဲ့ဖွင့်ထား’ ခေါင်းစဉ်နဲ့ PPNM က ကမ်ပိန်း ပြုလုပ်နေပါတယ်။

အာဏာသိမ်းပြီးနောက်စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ လူ ၂၉,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၂,၀၀၀ ကျော်ဟာ လက်ရှိမှာ အကျဉ်းထောင်တွေအတွင်း ဖမ်းဆီးချုပ်နှောင်ခံနေရဆဲ ဖြစ်တယ်လို့လည်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းတွေအရသိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လအတွင်း ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရတာကြောင့် သေဆုံးသူ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သိရပါတယ်။

Connect Burma

The Tanintharyi Times