ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က ဟားလီးကွေ့စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်
ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က ဟားလီးကွေ့စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်မှာရှိတဲ့ ထားဝယ်မြို့နယ် မောင်မယ်မယ်ရှောင်ရွာက ဟားလီးကွေ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီနေ့ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။
ထားဝယ်မြို့နဲ့ ၇ မိုင်ခန့်အကွာက အဲဒီစခန်းကို ဒီနေ့မနက်စောစောပိုင်းကတည်းက တော်လှန်ရေးပူးပေါင်းတပ်တွေက စတင် တိုက်ခိုက်နေတာဖြစ်ပြီး ညနေ ၅ နာရီလောက်မှာတော့ စခန်းတစ်ခုလုံးကို သိမ်းပိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆိုပါတယ်။
“ငါးနာရီလောက်မှာ စခန်းကိုရပါတယ်။ ဟားလီးကွေ့စခန်း သီးသန့်ကိုတိုက်တာပါ။ လက်ရှိကတော့ စခန်းအဆောက်အအုံတွေ မီးရှို့ပြီးတော့ ကျနော်တို့ပြန်ဆုတ်လိုက်ပြီ” လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့သေဆုံးပြီး အရှင်ဖမ်းမိထားသူတွေလည်း ရှိတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော်က ဆိုပါတယ်။ အဲဒီစခန်းဟာ တိုက်ခိုက်မခံရခင်က စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်တပ်စွဲထားတဲ့စခန်းဖြစ်ပါတယ်။
စခန်းသိမ်းပြီးနောက် စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းမိတယ်လို့ ကနဦးသိရပါတယ်။
ဟားလီးကွေ့စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေချိန် မနက် ၉ နာရီဝန်းကျင်လောက်မှာတော့ စစ်ကောင်စီဘက်က လေယာဥ်နဲ့ နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင် သပြေချောင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေကလည်း မောင်မယ်ရှောင်ရွာနဲ့ ဟားလီးကွေ့စခန်းတစ်ဝိုက်ကို တစ်နေကုန်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဟားလီးကွေ့ စခန်းနဲ့ နှစ်မိုင်ခန့်အကွာမှာ ဇဟာရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ (၃၀၂) လည်းရှိနေတာပါ။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ KNUနဲ့ PDF အင်အား ၅၀၀ လောက်နဲ့လာရောက်တိုက်ခိုက်နေပြီး တပ်ကူမပေးနိုင်တာကြောင့် ဟားလီးကွေ့စခန်းကျသွားတယ်လို့ ရေးသားထားပါတယ်။
ဟားလီးကွေ့စခန်းဟာ ရွာသားတွေစစ်ဘေးရှောင်နေလို့ လူမရှိတဲ့နေအိမ်တွေကိုခြေကုတ်ယူပြီး ဘန်ကာတွေ၊ ဆက်သွယ်ရေးမြောင်းတွေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ လောက်ကစလို့ စစ်ကောင်စီက တပ်စွဲထားတဲ့စခန်းဖြစ်ပါတယ်။
တပ်စွဲပြီးနောက် ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က မော်တော်ယာဥ်တွေဆီမှာ ငွေညှစ်နေတဲ့နေရာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ကဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း စခန်းဆောက်လုပ်ပြီးနောက်မှာ မကြာခဏလာရောက်ပစ်ခတ်ခဲ့ဖူးပြီး လက်နက်ခဲ့ယမ်း သိမ်းမိတာတွေလည်း ရှိခဲ့ဖူးပါတယ်။
စခန်းသိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဒီနေ့မနက်ပိုင်းမှာပဲ နှစ်မိုင်ခန့်ဝေးတဲ့ ဇဟာကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းထဲမှာရှိတဲ့ ဇနီးမောင်နှံနှစ်ဦး သေဆုံးပြီး ရဟန်းနှစ်ပါးဒဏ်ရာရရှိခဲ့ပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်၊ အခုလ ၁၉ ရက်နေ့ကလည်း ထီးခီးနယ်စပ်အနီးက ထီးထဗျူဟာတပ်စခန်းကို KNLA နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပြီး ဗျူဟာမှူးအပါဝင် စစ်ကောင်စီတပ်သားရာနဲ့ချီသေဆုံးခဲ့သလို လက်နက်ခဲယမ်းအများအပြားကို သိမ်းမိခဲ့ပါတယ်။
ထားဝယ်ခရိုင်အတွင်းမှာ ပြီးခဲ့တဲ့သင်္ကြန်ကာလကစလို့ တော်လှန်ရေးတပ်တွေက စစ်ကောင်စီစခန်းတချို့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကိုအဓိကအသုံးပြုပြီးပြန်လည်တိုက်ခိုက်နေပါတယ်။
တော်လှန်ရေးတပ်တွေ စစ်ရေးအရှိန်မြင့်လိုက်ချိန် စစ်ကောင်စီဘက်ကလည်း တပ်စခန်းတွေကိုလက်မလွှတ်ရရေး တပ်သားအင်အား၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေ ပုံစံအမျိုးအမျိုးနဲ့ချပေးနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။
အခုသင်္ကြန်ကာလကစလို့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ နှစ်ဖက်စစ်ရေးတင်းမာပြီး နေ့တိုင်းနီးပါး လေကြောင်းတိုက်ခိုက်မှုတွေရှိနေတာကြောင့် ဆယ်ရက်အတွင်းမှာ ထားဝယ်ခရိုင်အတွင်းမှာ စစ်ဘေးရှောင်နေရသူ တစ်သောင်းကျော်အထိရှိလာတယ်လို့ ဒေါနတနင်္သာရီစစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ဆီကနေ သိရပါတယ်။
The Tanintharyi Times