ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲ
ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီက တိုက်လေယာဥ်နဲ့ဗုံးကြဲ

နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို ဒီနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီက တိုက်ခိုက်ရေးဂျက်လေယာဥ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံနဲ့ တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။
အရှေ့တောဒေသ ထားဝယ်-ထီးခီးလမ်းပေါ်က တောင်သုံးလုံးကျေးရွာအုပ်စု၊ ရွှေချောင်းရွာနဲ့ ကျောက်မဲတောင်ရွာတွေမှာ မနေ့ညနေပိုင်းကစလို့ ဒီနေ့အထိ နှစ်ဖက်လက်နက်ကြီး၊ ငယ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဒီနေ့နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာတော့ တောင်သုံးလုံးရွာနဲ့ ရွှေချောင်းရွာတဝိုက်ကို တိုက်လေယာဥ်နဲ့ ဗုံးသီးနှစ်လုံးကြဲချသွားတယ်လို့ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံတွေကဆိုပါတယ်။
အဲဒီတိုက်လေယာဥ်ဟာ K8W တိုက်လေယာဥ်အမျိုးအစားဖြစ်တယ်လို့ကနဦးသိရပေမယ့် အတည်ပြုနိုင်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။
“ဗုံးပေါက်သံက အရင်ကနဲ့လုံးဝမတူဘူး။ ကျမတို့နဲ့တော်တော်ဝေးတာတောင် အနီးကပ်ကြီးလိုခံစားရတယ်။ တော်တော်ကိုကြမ်းတယ်” လို့ အနီးအနားရွာမှာနေထိုင်သူအမျိုးသမီးတစ်ဦးကပြောပါတယ်။
အခုဗုံးကြဲတိုက်ခိုက်မှုဟာ အရှေ့တောဒေသကို လေးကြိမ်မြောက်ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး အရင်ကသုံးကြိမ်မှာတော့ MI-2 အမျိုးအစားရဟတ်ယာဥ်ကိုပဲ အသုံးပြုပြီးဗုံးကြဲခဲ့တာပါ။
ဗုံးကြဲခံရတဲ့ ရွှေချောင်းရွာကနေအိမ်တချို့ ဒီနေ့နေ့လယ်ပိုင်းမှာ မီးလောင်နေတယ်လို့လည်း ဒေသခံတွေကပြောဆိုပေမယ့် သီးခြားအတည်ပြုနိုင်တာတော့မရှိသေးပါဘူး။
စစ်ကောင်စီရဲ့တိုက်လေယာဥ်ဟာ ဗုံးသီးနှစ်လုံးကို အချိန် ၁၀ မိနစ်လောက်သာခြားပြီး ကြဲချခဲ့တာပါ။
“အဲဒီဘက်က ဆက်သွယ်ရေးလိုင်းတွေပြတ်နေတော့။ ဘာတွေဖြစ်သွားလဲ သေချာမသိရသေးဘူး” လို့ ထားဝယ်-ထီးခီးလမ်းပေါ်ကကျေးရွာတခုမှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကျောက်မဲတောင်ရွာနဲ့ ရွှေချောင်းရွာအပြင် တောင်သုံးလုံး၊ ဟိန္ဒားနဲ့ အနီးအနားတဝိုက်ကကျေးရွာတွေမှာ ဒီနေ့မနက်ပိုင်းမှာ လျှပ်စစ်မီးအပြင် ဖုန်းနဲ့အင်တာနက်လိုင်းတွေလည်းပြတ်တောက်နေပါတယ်။
ရွှေချောင်းရွာမှာလည်း မနေ့ညပိုင်းက တိုက်ပွဲတွေကြောင့် ဗုံးခိုကျင်းတွေထဲရောက်နေတဲ့ ရွာခံအမျိုးသားတချို့ကို စစ်ကောင်စီတပ်သားတွေကဖမ်းဆီးခေါ်ဆောင်သွားတာ ရှိတယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ ဖမ်းဆီးခံရတဲ့ ဒေသခံအရေအတွက်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ရွှေချောင်းရွာဘက်မှာဖြစ်တဲ့ တိုက်ပွဲက ကျောက်မဲတောင်ရွာထဲမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ခြေလျင်စစ်ကြောင်းနဲ့ရွှေချောင်းရွာကဘုရားတောင်ဘက်ကို ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပြပါတယ်။
တိုက်ပွဲတွေကြောင့် ထားဝယ်-ထီးခီးလမ်းပေါ်မှာရှိတဲ့ တောင်သုံးလုံးနဲ့ရွှေချောင်းရွာမှာနေထိုင်သူတွေ ဒီနေ့မနက်စောစောပိုင်းကတည်း နီးစပ်ရာစစ်ဘေးရှောင်ထွက်ပြေးနေကြပေမဲ့ ဒီနေ့ညနေပိုင်းအထိ ရွာတွေထဲပိတ်မိနေတဲ့ရွာသားတွေရှိနေသေးတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဆီက သိရပါတယ်။
အရှေ့တောဒေသမှာ စစ်ကောင်စီကား ၁၇ စီးပါယာဥ်တန်းဝင်ရောက်ခဲ့တဲ့ အခုလလယ်ကစလို့ KNLA တပ်မဟာ (၄) နဲ့ တပ်မဟာ (၆) ကတပ်ရင်းတွေ၊ ကော်သူးလေတပ်မတော် (KTLA)၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထားဝယ်-ထီးခီးလမ်းတလျှောက်မှာ အကြိမ်ကြိမ်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး ယာဥ်တန်းက ကား ၁၂ စီးပျက်စီးခဲ့သလို သူတို့စွန့်ခွာထွက်ပြေးသွားတဲ့ မေတ္တာနယ်မြေရဲစခန်းနဲ့ ဟိန္ဒားရွာကစစ်ကောင်စီစခန်းကုန်းတို့ကိုလည်း တော်လှန်ရေးတပ်တွေကမီးရှို့ဖျက်ဆီးထားပါတယ်။
The Tanintharyi Times