ထားဝယ်မှာ စစ်ကောင်စီတပ်က မြို့ခံမဟုတ်သူတွေကို ပစ်မှတ်ထားပြီး စစ်ဆေးဖမ်းဆီးတာတွေများလာ
ထားဝယ်မှာ စစ်ကောင်စီတပ်က မြို့ခံမဟုတ်သူတွေကို ပစ်မှတ်ထားပြီး စစ်ဆေးဖမ်းဆီးတာတွေများလာ

ထားဝယ်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေက မြို့ခံမဟုတ်တဲ့သူတွေကို ပစ်မှတ်ထားပြီး စစ်ဆေးဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလအတွင်းမှာ မြို့ပေါ်က တည်းခိုခန်းနဲ့ ဟိုတယ်တွေ၊ အဆောင်တွေနဲ့ တိုက်ခန်းတွေကို ပိုမိုစစ်ဆေးနေတယ်လို့ မြို့ခံတွေကဆိုပါတယ်။
“ဧည့်စာရင်းလို့ပြောတာပေါ့နော်။ တိုက်ခန်းတန်းတွေ တည်းခိုခန်းတွေကို ခဏခဏကိုဝင်စစ်တာ။ အိမ်နားက တိုက်ခန်းတန်းတစ်ခုဆို တစ်ပတ်ကိုတစ်ခေါက်လောက်တောင် ဝင်စစ်နေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ထားဝယ်မြို့ပေါ်ကို ထိုင်းနိုင်ငံကိုနယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့အတွက် လာရောက်သူတွေနဲ့ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေက စစ်ဘေးရှောင်ရင်း လာရောက်နေထိုင်သူတွေ အများအပြားရှိနေတာပါ။
စစ်ကောင်စီတပ်ကတော့ စစ်ဆေးချိန်မှာ ကားအစီးရေ အများအပြား၊ အင်အားအများအပြားနဲ့ အဆောက်အအုံကိုဝိုင်းပြီးမှ စစ်ဆေးနေတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ရွာဘက်ကတွေတောင် အမျိုးမျိုးမေးတယ်။ ဓာတ်ပုံတွေရိုက်သွားတယ်။ တခြားတိုင်းတွေ ပြည်နယ်တွေကဆို ပိုဆိုးတာပဲ” လို့ ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။
ဧည့်စာရင်းမတိုင်ထားတဲ့သူတွေကိုတော့ ထောင်ကား၊ မြေတင်ကားတွေနဲ့ တင်ဆောင်ပြီး ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
အခုလဒုတိယပတ်ကလည်း ဝဲကျွန်းရပ်ကွက်က အရပ်သား ၂၀ လောက်ကို ဧည့်စာရင်းမတိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပါတယ်။
အဲဒီနောက် သူတို့ကိုတော့ တစ်ဦးကို ငွေကျပ်တစ်သိန်းကနေ ငါးသိန်းကြား အမျိုးမျိုးတောင်းခံပြီးမှ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။
အလားတူ အခုလတတိယပတ်မှာလည်း ထိုင်းနိုင်ငံကိုနယ်စပ်ဖြတ်ကျော်ဝင်ရောက်ဖို့အတွက် တခြားတိုင်းနဲ့ ပြည်နယ်တွေကလာရောက်တည်းခိုနေသူ ၅၀ ဦးခန့်ကို အိမ်ရှေ့ပြင်ရပ်ကွက်က တည်းခိုခန်းတစ်ခုမှာ စစ်ကောင်စီတပ်က ဧည့်စာရင်းမတိုင်လို့ဆိုကာ ဖမ်ဆီးသွားခဲ့ပါသေးတယ်။
ဧည့်စာရင်းအကြောင်းပြပြီး အစစ်ဆေးတင်းကြပ်တာအပြင် မြို့အဝင်အထွက်ဂိတ်တွေမှာလည်း ထားဝယ်မြို့ခံမဟုတ်သူတွေကို မှတ်ပုံတင်တွေနဲ့ အသေးစိတ်စစ်မေးပြီး ငွေညှစ်တာတွေရှိတယ်လို့ လောင်းလုံးဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီလော်ဘီချန်နယ်တွေကလည်း ထားဝယ်မြို့ပေါ်က မြို့သစ်ရပ်ကွက်မှာ မျက်နှာစိမ်းတွေဝင်ထွက်သွားလာနေတယ်လို့ဆိုပြီး လမ်းနာမည်နဲ့တကွ တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့ အခုရက်ပိုင်းမှာ လှုံ့ဆော်ရေးသားနေပါတယ်။
ထားဝယ်မြို့ခံတွေကတော့ အခုလအတွင်း အစစ်အဆေးတင်းကြပ်တာနဲ့ ရပ်ကွက်အလိုက် စစ်မှုထမ်းခေါ်ယူတာတွေကြောင့် အခုနှစ်အစပိုင်းကတည်းက ညပိုင်းတွေမှာ အသွားအလာတိတ်ဆိတ်နေတယ်လို့ ဆိုပါတယ်။
The Tanintharyi Times