ထားဝယ်က ကျောက်ထုတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးသေ၊ ရှစ်ဦး အရှင်ဖမ်းမိ

ထားဝယ်က ကျောက်ထုတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးသေ၊ ရှစ်ဦး အရှင်ဖမ်းမိ

ပုံစာ - ဖမ်းဆီးမိတဲ့စစ်ကောင်စီတပ်သားတွေနဲ့ သိမ်းမိတဲ့လက်နက်ခဲယမ်းတွေ။

တပ်မိသားစုဝင် အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထား

ထားဝယ်မြို့နယ်ထဲက ကျောက်ထုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ရှစ်ဦးကို အရှင် ဖမ်းမိခဲ့တယ်လို့ KNLA တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၂၇ တပ်ရင်းမှူး စောမှူးဂေက ပြောပါတယ်။

ဘန်းချောင်းဒေသမှာရှိတဲ့ ကျောက်ထုတပ်စခန်းကို အခုလ ၂၃ ရက်နေ့မှာ KNLA နဲ့ စစ်ကြောင်း လေးခုက စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်တစ်ရက် ၂၄ ရက်နေ့ မွန်းလွဲပိုင်းမှာ တပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။ အဲဒီစခန်းဟာ တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်တွေ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီစခန်းလည်း ဖြစ်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သလို ၈ ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ တပ်မဟာ ၆ (တပ်ရင်း ၂၇) နဲ့ တပ်မဟာ ၄ (တပ်ရင်း ၁၂) ရဲ့ပူးတွဲတပ်ရင်းမှူး စောမှူးဂေက ဆိုပါတယ်။

“စစ်သားက ဒီနေ့တစ်ယောက် ထပ်ဖမ်းမိတယ်။ ရှစ်ယောက်ပေါ့။ အခုလက်ရှိ ကျောက်ထုစခန်းနဲ့ နယ်မြေဧရိယာတဝိုက်ကိုလည်း ကျနော်တို့စိုးမိုးထားတယ်” လို့ တပ်ရင်းမှူး စောမှူးဂင်ကပြောပါတယ်။

စစ်ကောင်စီတပ်သားအပြင် တပ်မိသားစုဝင်အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ တပ်ရင်းမှူးရဲ့ ပြောပြချက်အရသိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်စခန်းကနေစက်လက်အပါအဝင် သေနတ်စုစုပေါင်း ၁၅ လက်၊ RPG ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၂ လက်၊ ဗုံးသီးတွေ၊ လက်ပစ်ဗုံးတွေ၊ မိုင်းတွေ၊ ကျည်ဆံအများအပြားနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို တော်လှန်ရေးတပ်တွေဘက်က သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာတုန့်ပြန်တာ၊ ပြန်လည်သိမ်းပိုက်ဖို့လုပ်ဆောင်လာတာတွေ မရှိသေးဘူးလို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

“စစ်တပ်က စစ်ကြောင်းထိုးရင်တော့ကောင်းတာပေါ့။ အဲလိုကျတော့ စစ်ပွဲကကောင်းမှာပေါ့။ ထိုးဖို့ပဲမျှော်လင့်ထားတယ်” လို့ တပ်ရင်းမှူး စောမှူးဂင်က ပြောပါတယ်။

အခုလုပ်ဆောင်ချက်ဟာ KNUနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်မှာ တနိုင်ငံလုံးစစ်ရေးမြင့်တင်ရေးအတွက်ကြိုးစားနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

တောင်ပိုင်းတိုင်း စစ်ဒေသခွဲ (၃) ရဲ့ ဒုစစ်ဒေသခွဲမှူး -၂ ရဲဘော်ဂျူပီတာကလည်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်သွားမယ်လို့ ပြောပါတယ်။

ကျောက်ထုစခန်းသိမ်းတိုက်ပွဲကို KNLA တပ်မဟာ ၄ (တပ်ရင်း ၁၂)၊ KNLA တပ်မဟာ ၆ (တပ်ရင်း ၂၇)နဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ T1 စစ်ကြောင်း၊ T5 စစ်ကြောင်းနဲ့ ဒေါင်းမင်းစစ်ကြောင်းတို့က ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက် ကတော့ စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်မှုမရှိခဲ့ဘူးလို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ရဲဘော်တွေဆီက သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ ကျောက်ထုတပ်စခန်းဟာ ၁၉၉၈ ခုနစ်ကတည်းက စခန်းချတပ်စွဲထားတဲ့နေရာဖြစ်တယ်လို့လည်း ကရင်တိုင်းရင်းသားသတင်းဌာန Kwe Ka Lu ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စခန်းသိမ်းပြီးနောက်မှာတော့ ထားဝယ်နဲ့လောင်းလုံးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်၊ ယာယီစခန်း၊ အထိုင်စခန်းနဲ့ ရဲစခန်းတွေမှာ စစ်ရေးသတိရှိကြဖို့နဲ့ စစ်ကူ၊ ပစ်ကူပေးနိုင်ရေးဆောင်ရွက်ဖို့ လိုအပ်ကြောင်း စစ်ကောင်စီလော်ဘီတွေက သတိပေးရေးသားနေကြပါတယ်။

The Tanintharyi Times