တပိုရွာသား သုံးဘီးမောင်းသူတစ်ဦးကို မီးလောင်ချောင်းရွာ စစ်ဆေးရေးဂိတ်က ဖမ်းဆီး

တပိုရွာသား သုံးဘီးမောင်းသူတစ်ဦးကို မီးလောင်ချောင်းရွာ စစ်ဆေးရေးဂိတ်က ဖမ်းဆီး

ပုလောမြို့၊ မီးလောင်ချောင်းရွာစစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက သုံးဘီးမောင်းသူတစ်ဦးကို မနေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ တပိုရွာသားဖြစ်ပြီး ဒေသခံတွေက ဦးကုလားကြီးလို့ ခေါ်ဆိုသူဖြစ်ပါတယ်။

“သူကမဂင်္ဂါ(သုံးဘီးနာမည်)နဲ့ တက္ကဆီဆွဲနေတာပါ။ ခရီးသည်သွားပို့ပြီး မြိတ်ဘက်ကအပြန်အဖမ်းခံရတာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့က မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဦးကုလားကြီးကို မြိတ်ဘက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သာ သိရပြီး ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သူတို့ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ပုလောမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ(၂၈၅)နဲ့ မြိတ်ဘက်ကိုဖမ်းဆီးခေါ်ဆောင်‌သွားလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လွန်ခဲ့တဲ့ လေးရက်ခန့်ကလည်း ပုလောမြို့နယ်ထဲက ပလမြို့ရှိ အမှတ်(၃)နဲ့ အမှတ်(၄)ရပ်ကွက်က ဒေသခံ ၁၁ ဦးကို စစ်ကောင်စီတပ်သားတွေဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက နှစ်ဦးသာ ပြန်လွတ်လာပြီး ကျန်တဲ့သူတွေကတော့ ပလမြို့ရဲစခန်းမှာ ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

The Tanintharyi Times