ရေဖြူ၊ ကံပေါက်ဒေသက ခဲလုပ်ကွက်တွေ လူနေရပ်ကွက်အနီးထိရောက်လာ
ရေဖြူ၊ ကံပေါက်ဒေသက ခဲလုပ်ကွက်တွေ လူနေရပ်ကွက်အနီးထိရောက်လာ
 
			ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ကျေးရွာတချို့မှာ လူနေရပ်ကွက်အနီးအနားနေရာတွေမှာပါ ခဲလုပ်ကွက်တွေရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံပေါက်ကျေးရွာအုပ်စုထဲက ပြင်ကြီးရွာ၊ ပိန္နဲတောရွာ၊ ကံပေါက်ကျေးရွာအဝင် ဆင်ရပ်တံတားအနီးနဲ့ မဂ္ဂင်ရပ်ကွက်မှာရှိတဲ့ သီတဂူဓမ္မဝိဟာရကျောင်းအနောက်ဘက်မှာရှိတဲ့ ခြံတွေမှာ ခဲလုပ်ကွက်ပေါင်း ၃၀ ကျော်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီခဲလုပ်ကွက်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ထဲမှာပေါ်လာတဲ့ ခဲလုပ်ကွက်တွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“လူနေအိမ်နဲ့ပေလေးရာလောက်ပဲ ဝေးတယ်။ တကယ်ကို နီးနီးလေး စက်သံဆိုလည်း ညံနေတာပဲ။ နေ့ရောညပါလုပ်နေကြတာ။” လို့ အသက် ၂၆ နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
သီတဂူဓမ္မဝိဟာရကျောင်းအနောက်ဘက်မှာရှိတဲ့ မြေတွေမှာဆိုရင် စိုက်ခင်းတွေ၊ ပန်းခင်းတွေ၊ လယ်ကွင်းတွေရှိတာဖြစ်ပြီး ခဲလုပ်ကွက်တွေကြောင့် စိုက်ခင်းတွေဟာလည်း နောက်ပိုင်းမြင်ရဖို့မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နွေရာသီလောက်ကတည်းက ငွေကြေးတတ်နိုင်တဲ့သူတွေဟာ ခြံတွေမှာ ခဲရှိ၊ မရှိစမ်းသပ်ပြီး တစ်ဧကကို သိန်းလေးဆယ်ကနေ သိန်း ၁၃၀ လောက်ထိ ပေးဝယ်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေအနေနဲ့လည်း စားဝတ်နေရေးခက်ခဲတာ၊ စစ်ကောင်စီစစ်ကြောင်းတွေသွားလာနေတာကြောင့် ခြံအလုပ်တွေမလုပ်ကိုင်ရဲတော့ဘဲ ခဲလုပ်ဖို့လာဝယ်တဲ့သူတွေဆီရောင်းထုတ်တာတွေရှိလာတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
နှစ်ကုန်ပိုင်းလောက်မှာတော့ ခဲလုပ်ငန်းတွေဟာ တစတစနဲ့ ရုပ်လုံးပေါ်လာပြီး အခုနှစ်ထဲမှာဆိုရင် ခဲလုပ်ကွက်အားလုံးနီးပါးက နေ့ရောညပါ အားစိုက်လုပ်လာကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တစ်နေကုန်ပဲ ကျွန်တော်တို့အိမ်က အသံကြားနေရတဲ့လုပ်ကွက်ဆိုရင် သန်းခေါင် ၂ နာရီလောက်ကတည်းက စနေတယ်။” လို့ ခဲလုပ်ကွက်အနီးမှာနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ခဲလုပ်ကွက်နေရာတွေပေါ်မှာမူတည်ပြီး ဝါးဖောင်ပေါ်မှာ စက်တပ်ပြီးခဲတူးဖော်တာ၊ ဘက်ဖိုး(မြေတူးစက်)တွေနဲ့ လုပ်ကြတာလည်းရှိတယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ခဲလုပ်ကွက်တွေဟာ ပိုပိုပြီးများလာတာတဲ့အတွက် ချောင်းကမ်းပြိုကျတာ၊ ရေချောင်းတွေရေစီးရေလာမကောင်းတော့ဘဲ ရေလမ်းကြောင့်ပိတ်တာတွေဖြစ်လာတာ၊ စိုက်ပျိုးမြေတွေမရှိတော့မှာကို စိုးရိမ်နေကြရတယ်လို့ ဒေသနေလူထုက ပြောပါတယ်။
မနှစ်က နှစ်ကုန်ပိုင်းနဲ့ ဒီနှစ်ထဲမှာပေါ်လာတဲ့ ခဲလုပ်ကွက်တွေကို ဦးဆောင်လုပ်ကိုင်နေသူတွေထဲမှာ စားဝတ်နေရေးခက်ခဲတဲ့ ဒေသခံတွေပါသလို စစ်အာဏာသိမ်းကာလမှာ ခဲလုပ်ငန်းတွေစတင်ဖို့လွယ်ကူတာကြောင့် တခြားဒေသက စီးပွားရေးလုပ်ငန်းရှင်တွေ လာရောက်လုပ်ကိုင်နေကြတာရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
စစ်အာဏာသိမ်းကာလမှာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကိုထည့်တွက်ပြီးတရားဝင်လုပ်ကိုင်နေတာမဟုတ်ဘဲ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးအဖွဲ့၊ ပြည်သူ့စစ်တွေ၊ နယ်မြေခံစစ်တပ် စတဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကိုလာဘ်ထိုးပြီးလုပ်ကိုင်နေတာဖြစ်တဲ့အတွက် မှောင်ခိုစီးပွားရေးလုပ်ငန်းတွေသာဖြစ်တယ်လို့ ပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
“အခုချိန်မှာ ဥပဒေအရတိုင်တန်းတာတွေလည်းလုပ်လို့မရတော့ စောင့်ကြည့်မယ် မှတ်တမ်းတင်မယ် ဥပဒေစိုးမိုးမှုရတဲ့ချိန် နိုင်ငံရေးကောင်းတဲ့အချိန် တိုင်တန်းလို့ရတဲ့အဆင့်တွေကိုလုပ်ထားရမယ်။” လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်လေ့လာသူ တစ်ဦးက ပြောပါတယ်။
စောင့်ကြည့်တဲ့နေရာမှာ တရားမဝင်ခဲလုပ်ငန်းလုပ်ကိုင်နေသူတွေဟာ ဘယ်ဒေသ ဘယ်သူတွေဖြစ်တယ်ဆိုတာနဲ့ သူတို့နဲ့လုပ်ငန်းအရ ပတ်သက်ဆက်နွှယ်နေတဲ့သူမှန်သမျှကို စောင့်ကြည့်မှတ်တမ်းတင်ထားရမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း သတ္တုတူးနေတဲ့သူတွေကိုဆက်မလုပ်ဖို့ တားဆီးတာ၊ အရေးယူဆောင်ရွက်တာ တွေလုပ်ဖို့ လိုအပ်တယ်လို့လည်း အဆိုပါ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်သူကပြောပါတယ်။
ရေဖြူမြို့နယ်ထဲက ပယကျေးရွာအနီးတဝိုက်မှာရှိတဲ့ခဲလုပ်ကွက်တွေဟာလည်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဒေါနတပ်ခွဲ-၄) က သတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက်မှာ လပိုင်းခန့် ရပ်နားခဲ့ပါတယ်။
ဒါပေမယ့် အခုလထဲမှာတော့ စစ်ကောင်စီရေတပ်က ပယရွာထဲ စစ်ဆေးရေးဂိတ်အထိုင်ချလိုက်ပြီး ခဲလုပ်ငန်းလုပ်ကိုင်သူတွေဟာ အဲဒီစစ်ကောင်စီတပ်သားတွေနဲ့ပူပေါင်းပြီး ခဲလုပ်ကွက်တွေကို ပြန်လည်ပတ်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက Tanintharyi Coalition Resource Watch အဖွဲ့ကနေ ၂၀၂၄ ခုနှစ် ဧပြီလကနေ ဇွန်ေအထိ သုံးလတာအတွင်း “တနင်္သာရီတိုင်းတွင် ရင်းနှီးမြုပ်နှံမှုစီမံကိန်းများအကောင်အထည်ဖော်နေမှု” ဆိုတဲ့အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းနောက်ဆက်တွဲအနေနဲ့ ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပြည်သူတွေဆီကနေ သယံဇာတထုတ်ယူမှုတွေကို စောင့်ကြည့်ထိန်းကြောင်းနိုင်တဲ့ ယန္တရားပျက်စီးသွားပြီး စစ်ကောင်စီတပ်နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်နဲ့ ခဲမဖြူ၊ သတ္တုတူးဖော်တဲ့လုပ်ကွက် အကျယ်အဝန်း ဧကထောင်ချီအထိရှိလာနေပြီလို့ တိုင်းအတွင်း ရင်းနှီမြုပ်နှံမှုစီမံကိန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ Tanintharyi Coalition Resource Watch အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လုပ်ကွက်တွေများလာတဲ့နေရာတွေကတော့ ထားဝယ်ခရိုင် ကံပေါက်၊ ဇင်းဘာနဲ့ ထားဝယ်အရှေ့တောဒေသတွေမှာ သိသိသာသာများလာတာလို့လည်း အစီရင်ခံစာက ဆိုပါတယ်။
ကံပေါက်ကျေးရွာအုပ်စုမှာ သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ ဒယ်လ်ကို(delco)ကုမ္ပဏီတွေဟာလည်း စစ်အာဏာသိမ်းပြီးနောက်မှာ မြေတူးစက်နဲ့ မြေသယ်ကားတွေကို တစ်ဆထပ်တိုးပြီး နေ့ရောညာပါ စက်အားရော လူအားနဲ့ မရပ်မနားအလုပ်လုပ်လာကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် စက်တင်ဘာလက ဒယ်လ်ကိုကုမ္ပဏီရဲ့ နုန်းစစ်ကန်ပြိုကျမှုကြောင့် မြသီတာ၊ ခိုင်သဇင်နဲ့ မဂ္ဂင်ရပ်ကွက်က ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ၁၉ လုံးရေစီးကြောင့် မျှောပါပျက်စီးခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကတော့ နိုဝင်ဘာလကတော့ ဒယ်လ်ကိုကုမ္ပဏီသတ္တုမိုင်းဧရိယာအတွင်း မြေစာပုံပြိုကျပြီး အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်နှစ်ဦးသေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကလည်း ဒယ်လ်ကိုကုမ္ပဏီသတ္တုမိုင်းဧရိယာအတွင်း အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ်အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တနင်္သာရီတိုင်းမှာ ခဲမဖြူ၊ အဖြိုက်နက်ကို အများဆုံးတူးဖော်ကြပြီး ရွှေ၊ ကျောက်မီးသွေးတွေကိုလည်း တူးဖော်ထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။
The Tanintharyi Times

